Pages

Friday, August 5, 2016

ဧရာဝတီတိုင်းဒေသကြီး ၌ မြွေကိုက်ဒဏ်ရာဖြင့် နှစ်စဉ်လူနာ ၅၀ ဦးခန့် ဆေးရုံတက်ရောက် ကုသမှုခံယူနေရပြီး ၁၀ ရာခိုင်နှုန်းခန့် သေဆုံးနေ


ပန်းတနော် ၊ ၅-၈-၂၀၁၆

ဧရာဝတီတိုင်း ဒေသကြီး၌ မြွေကိုက် ဒဏ်ရာဖြင့် နှစ်စဉ် လူနာ ၅ဝ ဦးခန့် ဆေးရုံ တက်ရောက်၍ ဆေးကုသမှု ခံယူနေရပြီး ၁ဝ ရာခိုင်နှုန်းခန့်မှာ သေဆုံးနေကြောင်း ပန်းတနော်မြို့နယ် ကုသရေး ဦးစီးဌာနမှူး ထံမှ သိရသည်။

''မြွေကိုက်ခံရတဲ့ လူနာက တစ်လကို သုံးဦးကနေ ခုနစ်ဦးကြား တွေ့နေရတယ်။ မိုးဦးကျကာလ ဖြစ်တဲ့ မေလနဲ့ ဇွန်လတွေမှာ လူနာပိုများတယ်။ နောက်ပြီး လယ်ယာ လုပ်ငန်းပြီးတဲ့ အချိန်တွေမှာ လူနာက များတယ်။ ၂ဝ၁၅ ခုနှစ် သြဂုတ်လတုန်း ကဆိုရင် ရေကြီးတဲ့အတွက် မြွေကိုက်ခံရတဲ့ လူနာတွေ လာတာ ၉ဝ ကျော်လောက် ရှိတယ်။ နှစ်စဉ် သေဆုံးမှုက ငါးဦး၊ ခြောက်ဦးခန့် (၁ဝ ရာခိုင်နှုန်း) လောက်ရှိပါတယ်'' ဟု ပန်းတနော်မြို့နယ် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ နေမင်းမျိုးထွန်း က ပြောသည်။

မြွေအန္တရာယ် ကာကွယ်ရေးသည် ဧရာဝတီတိုင်း ဒေသကြီးအတွက် အရေးကြီးသော လုပ်ငန်းစဉ် ဖြစ်ခြင်းကြောင့် အချက်ငါးချက် ဖြင့် ပညာပေး နေကြောင်း သိရသည်။

''မြွေဆိပ်ဖြေဆေးက မြွေပွေးနဲ့ မြွေဟောက် အတွက်ဆိုပြီး နှစ်မျိုးရှိတယ်။ မြင်းကတော့ နှစ်မျိုးစလုံး အတွက် ဖြေဆေးထုတ် နိုင်ပေမယ့် သိုးကမြွေပွေး အတွက်ပဲ မြွေဆိပ်ဖြေဆေး ထုတ်နိုင်သေးတယ်။ ကာကွယ်ရေး ဝန်ကြီးဌာန နဲ့ ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာနတွေကိုပဲ မြွေဆိပ်ဖြေဆေး ရောင်းတာပါ။ ဒါပေမဲ့ ပြင်ပက အဖွဲ့အစည်း တွေက လိုအပ်ရင် သက်ဆိုင်ရာ ဝန်ကြီးဌာန ကိုစာတင်ပြီးတော့ ဝယ်လို့ရပါတယ်။ လက်ရှိ အပြင်က ဝယ်ယူတဲ့ ပမာဏ ကလည်း များပါတယ်။ ဝန်ကြီးဌာန တွေကတော့ တစ်နှစ်စာ ဝယ်ယူမယ့် ပမာဏကို ကြိုမှာပါတယ်။ ပမာဏက သတ်မှတ်ထား တာတော့ မရှိပါဘူး''ဟု ဆေးဝါးစက်ရုံ (အင်းစိန်) ကုန်ထုတ်-၂ ဌာနကြီးမှ လက်ထောက် စက်ရုံမှူး ဒေါက်တာ မိုးမိုးလှိုင် က ပြောသည်။

ထို့ပြင် မြင်း၊ သိုးတိရစ္ဆာန် များမှ မြွေဆိပ်ဖြေဆေး ထုတ်ယူရန် ခြောက်လမှ ရှစ်လခန့် ကြာမြင့်တတ်၍ မြင်းတစ်ကောင်မှ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ဖြေဆေး အလုံးရေ ၃၆ဝ ဝန်းကျင် ထုတ်လုပ်နိုင်ပြီး သိုးတစ်ကောင်မှ ဖြေဆေး အလုံးရေ ရှစ်လုံးဝန်းကျင် ခန့် ထုတ်လုပ် နိုင်ကြောင်း သိရသည်။

ယင်းအပြင် မြွေပွေး အဆိပ်ဖြေဆေး တစ်လုံး၏ အာနိသင်မှာ မြွေပွေးအဆိပ် ၁ဝ မီလီဂရမ် ကိုဖြေနိုင်ပြီး မြွေဟောက် အဆိပ်ဖြေ ဆေးတစ်လုံး၏ အာနိသင်မှာ အဆိပ် သုည ဒသမ ၆ မီလီဂရမ်ကို ဖြေနိုင်ကာ မြွေဆိပ် ဖြေဆေးမှာ အကိုက်ခံရသည့် နေရာနှင့် အချိန်ကာလ ကြန့်ကြာမှုပေါ် မူတည်၍ ထိုးရသည့် ဆေးအမျိုးအစား ဖြစ်ကြောင်း သိရသည်။ (သဲသဲ)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment