Pages

Friday, August 5, 2016

မြန်မာနှင့် အရှေ့တောင်အာရှ လူငယ်များ ဂျပန်သို့ သွားရောက်မည့် သင်္ဘောခရီးစဉ် အောက်တိုဘာလတွင် စတင်မည်


ရန်ကုန် ၊ ၅-၈-၂၀၁၆

ဂျပန်နှင့် အရှေ့တောင် အာရှနိုင်ငံများသို့ မြန်မာနိုင်ငံမှ သင်္ဘောဖြင့် လိုက်ပါ၍ လေ့လာရေး သွားရောက်မည့် လူငယ်များ၏ ခရီးစဉ်သည် အောက်တိုဘာ ၅ ရက်မှစတင်မည် ဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်အထိ ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်္ဘော ခရီးစဉ်တွင် အဆင့်မြင့်ပညာ ဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်နှင့် ဒီဂရီ ကောလိပ်များ၊ ဆရာအတတ် ပညာ သင်တန်းကျောင်း နှင့် လေ့ကျင့်ရေး ဦးစီးဌာန အောက်ရှိ ပညာရေး ကောလိပ်များ၊ စက်မှု နည်းပညာ မြှင့်တင်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဦးစီးဌာနရှိ တက္ကသိုလ်များ မှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ လိုက်ပါမည် ဖြစ်သည်။

အဆိုပါ ခရီးစဉ်တွင် လိုက်ပါခွင့် ရရှိသူများကို ရွေးချယ်ပြီး ဖြစ်ရာ လက်ရှိတွင် ရွေးချယ်ခံ ရသူများကို ရန်ကုန် တက္ကသိုလ် ၌ စခန်းသွင်း လေ့ကျင့်မှုများ စတင်လုပ်ဆောင် ပေးနေပြီး ယဉ်ကျေးမှု ဖလှယ်မည့် ကိစ္စများ၊ ပညာရပ် ဆိုင်ရာများကို စခန်းသွင်း လေ့ကျင့်ပေးလျက် ရှိကြောင်း ရန်ကုန် တက္ကသိုလ် သင်တန်းရေးရာ ဌာနမှူး ဒေါက်တာ လှဆွေ က ပြောသည်။

အရှေ့တောင် အာရှနှင့် ဂျပန်လူငယ် များနှင့် တွေ့ဆုံမည့် သင်္ဘောခရီးစဉ် အတွက် အင်္ဂလိပ်စာ အရေး၊ အပြော၊ အဖတ်၊ အကြား စွမ်းရည်များကို စစ်ဆေးပြီး အများနှင့် ပူးပေါင်း ဆောင်ရွက်တတ်သူ၊ ကျန်းမာရေး ကောင်းမွန်သူ၊ နိုင်ငံ ကိုယ်စားပြု ပါဝင်နိုင်သူ များကို ရွေးချယ် ထားကြောင်း သိရသည်။

ယင်း ခရီးစဉ်သည် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင် အာရှနိုင်ငံများမှ လူငယ်များ ပါဝင်ပြီး ခေါင်းဆောင်မှု အရည်အသွေး ရှိလာရန် လူငယ်များအား နိုင်ငံအလိုက် လေ့ကျင့် ပေးထားကာ ရောက်ရှိရာ နိုင်ငံတို့၌ ကဏ္ဍပေါင်းစုံမှ လူငယ်များ အချင်းချင်း သင်္ဘောပေါ်၌ ဆွေးနွေးဖလှယ် နိုင်မည့်လူငယ် အစီအစဉ် တစ်ရပ် ဖြစ်သည်။

ယခုနှစ် ခရီးစဉ်သည် (၄၃) ကြိမ်မြောက် အရှေ့တောင် အာရှနှင့် ဂျပန်လူငယ်များ ခရီးစဉ်ဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများမှ လူငယ်များအား ခေါ်ယူ တင်ဆောင်၍ ဂျပန်နိုင်ငံသို့ ဦးတည်မည့် ခရီးစဉ် ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment