Pages

Tuesday, August 16, 2016

မှော်ယောကြီးဆင်စခန်းရှိ ဆင်များကို သစ်ဆွဲခြင်းမှ ရပ်နားကာ ဆင်ပြသရေးစခန်းတစ်ခု အဖြစ်ထားရှိကာ ထိန်းသိမ်းစောင့်ရှောက်သွားမည်



ပဲခူး ၊ ၁၆-၈-၂၀၁၆

ပဲခူးတိုင်း ဒေသကြီး (မြောက်ဘက်) သစ်ထုတ်လုပ်ရေး ဒေသ မှော်ယောကြီး ဆင်စခန်းရှိ ဆင်များအား သစ်ဆွဲခြင်းမှ ရပ်နားကာ ဆင်ပြသရေး စခန်းတစ်ခု အဖြစ် ထားရှိပြီး ထိန်းသိမ်း စောင့်ရှောက် သွားမည်ဖြစ်ကြောင်း မြန်မာ့ သစ်လုပ်ငန်း သစ်ထုတ်လုပ်ရေး ဌာန လက်ထောက် မန်နေဂျာ (ဆင်ဆေးကု) ဒေါက်တာ ဇော်မင်းဦး ထံမှ သိရသည်။

လက်ရှိတွင် သစ်ထုတ်လုပ်မှု ယာယီ ရပ်ဆိုင်းထား ခြင်းကြောင့် အဆိုပါ သစ်ထုတ်လုပ်ရေး လုပ်ငန်းမှ ဆင်များကို ထိန်းသိမ်းကာ ကျန်းမာရေး စောင့်ရှောက်မှု များကိုလည်း အဓိကထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

''ဒီစခန်းက ဆင်တွေကို ပြသရေးအတွက် အသုံးပြု သွားမှာပါ။ ဆင်တွေ ရေရှည် နေသွားလို့ ရအောင်နဲ့ သစ်မဆွဲတော့တဲ့ ဆင်တွေကို ရေချတာတွေ ဆေးထိုး၊ ဆေးကျွေး၊ ကာကွယ်ဆေးထိုး တာတွေကို ပုံမှန်အတိုင်း စောင့်ရှောက်မှာပါ။ ဒီမှော်ယောကြီး ဆင်စခန်းမှာ ဆင်အကောင်ရေ ၁၆ ကောင်ရှိပါတယ်။ တခြား ပဲခူး (မြောက်) သစ်ထုတ်လုပ်ရေး စခန်းမှာလည်း သစ်ထုတ်လုပ် တာကို ယာယီရပ်ဆိုင်း ထားသလို သစ်ဆွဲဆင်က အထီး ၄၁ ကောင်နဲ့ အမ ၅၂ ကောင်ရှိပါတယ်။ သူတို့တွေကိုလည်း ပုံမှန် ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေးသွားမှာပါ'' ဟု ဒေါက်တာ ဇော်မင်းဦး က ပြောသည်။

ဆင် ၁၆ ကောင်အား သဘာဝကို အခြေခံပြီး ဆင်ပြသရေးစခန်း အနေဖြင့် စောင့်ရှောက်မှု ပြုလုပ်ကာ ဆင် မျိုးသုဉ်းခြင်းများ မရှိစေရန်နှင့် တောတွင်း တိရစ္ဆာန် နှိပ်စက် တားဆီးခြင်းများ မရှိစေရန် ရည်ရွယ်၍ ယင်းမှော်ယောကြီး စခန်း၌ ကမ္ဘာ့ ဆင်နေ့ ကို သြဂုတ် ၁၂ ရက်က ကျင်းပကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment