Pages

Thursday, August 25, 2016

ရန်ကုန်မြို့အတွင်း စက်သုံးဆီအရောင်ဆိုင်သစ်များ ဖွင့်လှစ်လိုသော်လည်း ဈေးကွက်အသစ် ရရှိရန်ခက်ခဲ



ရန်ကုန် ၊ ၂၅-၈-၂၀၁၆

ရန်ကုန်မြို့အတွင်း စက်သုံးဆီ အရောင်းဆိုင်သစ် များ ဖွင့်လှစ်လို သော်လည်း ဈေးကွက်အသစ် ရရှိရန် ခက်ခဲနေကြောင်း စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင် သူများထံမှ သိရသည်။

''ရန်ကုန်မြို့မှာ ဈေးကွက်ရဖို့က မလွယ်တော့ဘူး။ ဆီဆိုင်တွေက များတယ်။ ရန်ကုန်မှာ နိုင်ငံတော်ပိုင် စက်သုံးဆီဆိုင် သုံးဆိုင်ရှိတယ်။ အစိုးရက ပုဂ္ဂလိကနဲ့ ယှဉ်ပြိုင် ရောင်းမယ်လို့ ပြောထားတယ်။ ဒီလိုဖြစ်လာရင် ပုဂ္ဂလိကဆိုင်တွေ အနေနဲ့ ဈေးကွက်ရဖို့ ပိုပြီးခက်ခဲ လာနိုင်တယ်'' ဟု ရန်ကုန် စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းမှ ဦးကျော်ကျော်လင်း က ပြောသည်။

၂ဝ၁ဝ ပြည့်နှစ်မှ စတင်ကာ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းကို ပြည်တွင်း လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့် ပေးခဲ့ကြောင်း သိရသည်။

''ပြည်တွင်း လုပ်ငန်းရှင် တွေကို စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချခွင့် ပေးခဲ့တဲ့ ခြောက်နှစ်တာ ကာလအတွင်းမှာ ဆီသိုလှောင်ကန်တွေ တည်ဆောက်ဖို့ အခက်အခဲ ရှိတာကို တွေ့မြင်ခဲ့ ရတယ်။ သီလဝါမှာတောင် လုံလောက်အောင် မဆောက်နိုင်တော့ နိုင်ငံအတွင်းမှာ စက်သုံးဆီ ပြတ်လပ်မှာ စိုးရိမ်ရတယ်။ ပုဂ္ဂလိက ကုမ္ပဏီတွေ အနေနဲ့ ဆီဈေးနှုန်းကို ကစားခွင့် မရအောင် စက်သုံးဆီ အရောင်းဆိုင်တွေ ဖွင့်လှစ်ပြီး ယှဉ်ပြိုင်ရောင်း ချ သွားမှာပါ။ လောလောဆယ် ဖက်စပ် ကုမ္ပဏီအဖြစ်နဲ့ သွားပေမယ့် အနာဂတ်မှာ အများပိုင်အနေနဲ့ လုပ်ကိုင်သွားဖို့ အထိ စီစဉ်ထားပါတယ်'' ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန မြန်မာ့ရေနံထွက် ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးသန့်စင် က ပြောသည်။

ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းရှင်များက ပြည်တွင်း စက်သုံးဆီ သုံးစွဲမှု လိုအပ်ချက် အတွက် တစ်လလျှင် ဒီဇယ်တန်ချိန် ၁၈ဝဝဝဝ မှ ၂၅ဝဝဝဝ ခန့်နှင့် အောက်တိန်း တန်ချိန် ၆၇ဝဝဝ မှ ၉ဝဝဝဝ ခန့်အထိ ပြည်ပမှ မှာယူတင်သွင်း ရောင်းချပေးေ နရကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ပြည်ပမှ စက်သုံးဆီ တင်သွင်းမှုသည် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင် ဓာတ်ဆီတန်ချိန် ၁၂ ဒသမ ၄ သိန်းနှင့် ဒီဇယ်တန်ချိန် ၁၆ သိန်းကျော် တင်သွင်းခဲ့ပြီး ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ပြည်ပမှ ဓာတ်ဆီ တန်ချိန်သိန်း ၂ဝ ကျော်နှင့် ဒီဇယ်တန်ချိန် ၁၂ သိန်းကျော် တင်သွင်း ခဲ့ကြောင်း သိရသည်။ (ဇာဏီ)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment