Pages

Thursday, August 4, 2016

ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်းများ အနက် မြိုင်ဒေသ နှင့် ကယားပြည်နယ် တို့ကို နိုင်ငံခြားခရီးသွား ဧည့်သည်များ ပိုမိုစိတ်ဝင်စား



ရန်ကုန် ၊ ၄-၈-၂၀၁၆

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် စေရန် ရပ်ရွာလူထု အခြေပြု ခရီးသွား လုပ်ငန်း (Community Based Tourism – CBT ) ဖော်ဆောင်သည့် နေရာခြောက်ခု အနက် မြိုင်ဒေသနှင့် ကယားပြည်နယ် တို့ကို နိုင်ငံခြား ခရီးသွား ဧည့်သည်များ ပိုမို စိတ်ဝင်စား ကြကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

''ရပ်ရွာလူထု အခြေပြု လုပ်ငန်းကို စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးအားလုံး အဆင်ပြေစေဖို့ ဖော်ဆောင်တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖော်ဆောင်နေတဲ့ နေရာဒေသ ခြောက်ခုထဲက မြိုင်ဒေသနဲ့ ကယားပြည်နယ် တို့ကို ခရီးသွားတွေ ပိုစိတ်ဝင်စား နေတာ တွေ့ရတယ်။ နောက်ပိုင်းမှာလည်း နေရာသစ်တွေ တိုးချဲ့သွားဖို့ ရှိပါတယ်'' ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်တွင်းပြည်ပ ဆက်ဆံရေး နှင့် သတင်းဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ထွေး က ပြောသည်။

ရပ်ရွာလူထု အခြေပြု ခရီးသွား လုပ်ငန်း CBT ဖော်ဆောင်နေသည့် ဒေသခြောက်ခုမှာ မကွေးတိုင်း ဒေသကြီး မြိုင်မြို့နယ်ရှိ ကံကြီးတော အရှေ့နှင့် အနောက်ကျေးရွာ၊ ကယားပြည်နယ်၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရှိ လွယ်ခေါ်၊ အင်းနီ၊ ထီနဲနှင့် ကက္ကူ ကျေးရွာများ၊ ကချင်ပြည်နယ် ရှိ အင်းတော်ကြီးကန်၊ ကရင်ပြည်နယ် ရှိ သံတောင်ကြီးနှင့် မန္တလေးတိုင်း ဒေသကြီး မင်းကွန်းနှင့် ကျောက်မြောင်း ကျေးရွာကြားရှိ ကျေးရွာ ၆ ရွာအပါအဝင် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး တို့ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရှမ်းပြည်နယ်ရှိ ပင်းတယနှင့် ရွာငံဒေသ၊ ယောနယ်ဒေသ ရှိ တောက်တက် ကျေးရွာအုပ်စု၊ ပခုက္ကူမြို့ အနီးမှ ကျေးရွာ ၁ဝ ရွာနှင့် စလေမြို့ အနီးရှိ ကျေးရွာများ ကိုပါ ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်း နေရာသစ်များ ထပ်မံတိုးချဲ့ ဖော်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

''ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်တဲ့ အခါ အဲဒီဒေသမှာ ရှိတဲ့ ပြည်သူလူထုကို အသိပညာ ပေးတာတွေ ပိုမိုလုပ်ဆောင် သင့်တယ်။ ဒါမှ သူတို့ကိုယ်တိုင် ပါဝင်လာနိုင်ပြီး သဘာဝ ပတ်ဝန်းကျင် ကို ချစ်ခင် စောင့်ရှောက်မှု ပိုလာမယ်။ CBT ဖော်ဆောင်တဲ့ နေရာတွေမှာ စီးပွားရေးသမား တွေကို ဟိုတယ်တွေ ဆောက်လုပ်ခွင့် ပေးလိုက်တာ မျိုးထက် Home Stay ဖွံ့ဖြိုးမှု အားကောင်း လာအောင် လုပ်ပေးတာက တကယ့် ရပ်ရွာလူထု အခြေပြု ခရီးသွား ဖြစ်လာမှာပါ'' ဟု ခရီးသွား လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အနေဖြင့် ရပ်ရွာလူထု အခြေပြုခရီး သွားလုပ်ငန်း (CBT) ဖော်ဆောင်ရာတွင် ဒေသခံများ၏ လူမှုဘဝ ဖွံ့ဖြိုးရေးအတွက် ဒေသထွက်ကုန် ပစ္စည်းများအား ကုန်ချော ထုတ်လုပ်မှု အဆင့်မြှင့်တင် ပေးနိုင်ရန် သင်တန်း ပေးခြင်းများ လုပ်ဆောင် သင့်ကြောင်း ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။

မြတ်လေးငုံ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment