Pages

Sunday, August 21, 2016

မီးအာမခံအပြင် ရေကြီးရေလျှံ အာမခံထားရှိမှု ပိုများလာ


ရန်ကုန် ၊ ၂၁-၈-၂၀၁၆

ယခုနှစ်တွင် မီးအာမခံအပြင် ရေကြီးရေလျှံ အာမခံ ထားရှိမှုမှာ ယမန်နှစ်ကထက် ပို၍ အာမခံ ထားလာကြောင်း မြန်မာ့အာမခံ လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်း ထံမှ သိရသည်။

ယခု နောက်ပိုင်းတွင် မီးအာမခံ သာမကဘဲ အလုံးစုံ အာမခံပါ ထားလာကြရာ ရေကြီးရေလျှံ မှုကြောင့် လျော်ကြေးအဖြစ် ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့အား အများဆုံး ပေးလျော်ရကြောင်း သိရသည်။

''နေရာတိုင်းကလည်း ရေကြီးနေတယ် ဆိုတော့ မီးအာမခံနဲ့ အတူ ရေကြီးရေလျှံ အာမခံအပါအဝင် အလုံးစုံအာမခံ ပါထားမယ်ဆိုရင် စိတ်ပူစရာ မလိုတော့ ဘူးပေါ့။ ရေကျသွားရင်တော့ သက်ဆိုင်ရာ ကုမ္ပဏီတွေက ဆာဗေးဆင်းပြီး လျော်ကြေးပေး လိုက်ရင် ပြည်သူတွေ အပေါ် ထိရောက်တဲ့ လျော်ကြေးပါပဲ။ အာမခံထားတဲ့ အတွက် နိုင်ငံတော် အတွက်လည်း ဝန်ထုပ်ဝန်ပိုး လျော့သွားမှာပါ''ဟု ဦးအေးမင်းသိန်း က ပြောသည်။

ထို့ပြင် မြန်မာ့အာမခံ ကြီးကြပ်ရေး အဖွဲ့က ဦးဆောင်၍ သီးနှံအာမခံ စနစ်ဖြင့် လျော်ကြေး ပေးနိုင်ရန် စီစဉ်လျက် ရှိသည်။

''သီးနှံဆုံးရှုံးရင် လျော်ကြေးပေးတဲ့ စနစ်ကို မြန်မာ့အာမခံ ကြီးကြပ်ရေး အဖွဲ့က လုပ်သွားမှာပါ။ အဲဒီအတွက် မြန်မာနိုင်ငံမှာ အချက်အလက် နည်းနည်း လိုအပ်နေတဲ့ အတွက် စီစဉ်နေတုန်းပဲ ရှိပါသေးတယ်။ ဒီ အချက်အလက် တွေကို တစ်ခါတည်း လုပ်လို့မရဘူး။ နှစ်ခါလောက် လုပ်မှ အဆင်ပြေတဲ့ အတွက် အချိန်ကတော့ တစ်နှစ်ခွဲလောက် ယူရပါမယ်။ အားလုံး ပြီးသွားရင်တော့ ကျွန်တော်တို့ မြန်မာ့အာမခံ လုပ်ငန်းနဲ့ ပုဂ္ဂလိက အာမခံလုပ်ငန်း တွေပါ ပူးပေါင်းပြီး အကောင်အထည် ဖော် ဆောင်ရွက်သွားမှာ ပါ'' ဟု ဦးအေးမင်းသိန်း က ဆက်လက် ပြောသည်။

ယခု ဘဏ္ဍာနှစ်တွင် ခြောက်လအတွင်း မီးအာမခံ အနေဖြင့် မြန်မာ့အာမခံ လုပ်ငန်းမှ သန်း ၁၃ဝဝ ခန့် လျော်ကြေးငွေ ပေးလျော်ရာတွင် ယင်း လျော်ကြေးငွေ သည် နှစ်စဉ် လျော်ကြေးငွေ ထက် ယခုနှစ်မှာ အများဆုံး လျော်ကြေးပေး ခဲ့ရသည်။ လတ်တလော တွင် မီးအာမခံ အနေဖြင့် မြန်မာ့အာမခံ တစ်ခုတည်း မှသာ လုပ်ဆောင် ပေးလျက်ရှိကာ ယခု နောက်ပိုင်းတွင် မြေငလျင် အတွက်လည်း စိုးရိမ်မှုများ ရှိလာကြသည့် အတွက် ငလျင် အတွက်ပါ အာမခံထား လာကြောင်း သိရသည်။ (နေနေ)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment