Pages

Thursday, August 11, 2016

သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ကယ်ဆယ်ရေး နည်းပညာနှင့် ပစ္စည်းမလုံလောက်ဘဲ ဖြစ်နေဟုဆို



မန္တလေး ၊ ၁၁-၈-၂၀၁၆

မြန်မာနိုင်ငံတွင် သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ကယ်ဆယ်ရေး နည်းပညာ နှင့် ပစ္စည်းများ လုံလောက်မှု မရှိဘဲ ဖြစ်နေသည်ဟု ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန (မန္တလေး)မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်ရာတွင် ပြည်ထဲရေး ဝန်ကြီးဌာန၊ တပ်မတော်၊ ကြက်ခြေနီနှင့် လူမှုကူညီရေး အသင်းနှင့် အရပ်ဘက် အဖွဲ့အစည်း များသည် လူမှု ပတ်ဝန်းကျင်နှင့် သဘာဝဘေး ဒုက္ခများတွင် အများဆုံး ပါဝင်ပတ်သက်သူများ ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

လူမှု ကူညီရေး အသင်းနှင့် အရပ်ဘက် အဖွဲ့အစည်း များသည် မြို့၊ ရွာ၊ ရပ်ကွက်တိုင်းတွင် ရှိသော အဖွဲ့အစည်း များဖြစ်ပြီး လူမှုကူညီရေး အသင်းနှင့် အရပ်ဘက် အဖွဲ့အစည်းတိုင်း ကယ်ဆယ်ရေး နည်းပညာ တတ်မြောက် ထားသင့်သည် ဟု သိရသည်။

လူမှုကူညီရေး အသင်းနှင့် အရပ်ဘက် အဖွဲ့အစည်း များသည် သဘာဝ ဘေးအန္တရာယ် များသာမက မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိမှု များတွင်လည်း ပါဝင်ရသဖြင့် လူမှုကူညီရေး အသင်းနှင့် အရပ်ဘက် အဖွဲ့အစည်း များ၏ အခန်းကဏ္ဍ မှာလည်း အရေးပါကြောင်း သိရသည်။

သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ကယ်ဆယ်ရေး နည်းပညာပိုင်းတွင် အားနည်း သကဲ့သို့ ကယ်ဆယ်ရေး ပစ္စည်း လုံလောက်မှု မှာလည်း အားနည်းလျက် ရှိကြောင်း သိရသည်။ ဥပမာအားဖြင့် ငလျင်ဘေးနှင့် ကြုံတွေ့ပါက ငလျင်နှင့် ပတ်သက်သော နည်းပညာနှင့် ကိရိယာများ မရှိသေးကြောင်း သိရသည်။

သဘာဝ ဘေးအန္တရာယ်များ နှင့် ပတ်သက်၍ ရုတ်ခြည်းဖြစ်စဉ်၊ ထူးခြားဖြစ်စဉ်များ၊ မိုးရွာသွန်းမှု အခြေအနေ၊ မိုးရွာသွန်းမှု ပမာဏ၊ ကြုံတွေ့နိုင်သည့် အနီးစပ်ဆုံး ဖြစ်နိုင်ခြေများ၊ တွက်ချက်သည့် နည်းပညာ များလည်း အားနည်း နေသေးပြီး သဘာဝ ဘေးအန္တရာယ် များ ကြုံတွေ့ချိန်၌ ကူညီပံ့ပိုးမှု များတွင်လည်း လိုအပ်ချက်များ ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသည် သဘာဝ ဘေးကြောင့် ထိခိုက်နိုင်မှု အများဆုံး ဒုတိယနေရာ တွင်ရှိပြီး နှစ်စဉ် သဘာဝဘေးဒဏ် ခံစားရမှု မှာလည်း ပိုမိုများပြား လာသည်ကို မှတ်တမ်းများအရ သိရသည်။ ရာသီဥတု ပြောင်းလဲမှုကို နှစ်စဉ် ခံစားလာရပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် ကျန်းမာရေး ပိုင်းဆိုင်ရာ ထိခိုက်မှုများ ကြုံတွေ့လာရ သော်လည်း ကြိုတင် ကာကွယ်မှု၊ တုံ့ပြန်မှုနှင့် ပြန်လည် ထူထောင်ရေး ပိုင်းဆိုင်ရာ လိုအပ်ချက်များ ရှိနေသေးကြောင်း သိရသည်။ 

မြန်မာနိုင်ငံတွင် မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ လေမုန်တိုင်း တိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေပြိုခြင်း၊ မီးဘေးနှင့် ငလျင်ဘေး စသည့်  ဘေးအန္တရာယ် များကို ရင်ဆိုင်လာ ရပြီး မြန်မာနိုင်ငံ၏ ငလျင်ဘေးနှင့် ပတ်သက်၍ ကမ္ဘာ့အဆင့် သတိပေးမှုများ ထွက်ပေါ်နေ သော်လည်း ငလျင်နှင့် ပတ်သက်သည့် အသိပညာ နှင့် လိုအပ်ချက် များစွာ ရှိနေ သေးကြောင်း သိရသည်။ (၁၇၂)

ရတနာပုံနေ့စဉ် ၊ စာ(၂၅)

No comments:

Post a Comment