Pages

Monday, August 15, 2016

သဘာဝဘေးအန္တရာယ်ကြောင့် အရေးပေါ်အခြေအနေ တွေ့ကြုံပါက စားနပ်ရိက္ခာပြတ်လပ်မှု မရှိစေရန် အရန်ဆန်အပြင် စားသုံးဆီနှင့် တခြား စားသောက်ကုန်များလည်း စုဆောင်းထားသင့်



ရန်ကုန် ၊ ၁၅-၈-၂၀၁၆

မြန်မာနိုင်ငံ၌ သဘာဝဘေး အန္တရာယ်များ ကျရောက်ပြီး အရေးပေါ် အခြေအနေ တွေ့ကြုံပါက နိုင်ငံအတွင်း စားနပ်ရိက္ခာ ပြတ်လပ်မှု မရှိစေရန် အရန်ဆန် အပြင် စားသုံးဆီနှင့် တခြား စားသောက်ကုန် များလည်း စုဆောင်းထား သင့်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင် ထံမှ သိရသည်။

သဘာဝ ဘေးအန္တရာယ် ကျရောက်ပါက  စားနပ်ရိက္ခာ ပြတ်လပ်မှု မရှိစေရန် နိုင်ငံတော် အရန်ဆန် တန်ချိန် ၃ဝဝဝဝ ကို မိုးစပါး စိုက်ပျိုးချိန် မတိုင်မီ ဝယ်ယူရန် စီစဉ်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက မေလတွင် နေပြည်တော်၌ သတင်းထောက် များနှင့် တွေ့ဆုံစဉ်က ပြောကြားခဲ့ သော်လည်း အရန်ဆန် ဝယ်ယူရန် ယခုဘဏ္ဍာနှစ် အစိုးရ ဘတ်ဂျက်တွင် ထည့်သွင်း ထားခြင်း မရှိကြောင်း သိရသည်။

ထို့ကြောင့် နိုင်ငံတော် အရန်ဆန် ဝယ်ယူရေးသည် အစိုးရဘတ်ဂျက် တွင် မပါဝင် သော်လည်း နိုင်ငံတော် သမ္မတ၏ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး ရန်ပုံငွေမှ ထုတ်ယူသုံးစွဲ သင့်ပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ထည့်သွင်းရေးဆွဲ သင့်ကြောင်း ဦးရဲမင်းအောင် က ပြောသည်။

ယခင်အစိုးရ လက်ထက်က နိုင်ငံတော် အရန်ဆန် ဝယ်ယူရာတွင် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ငွေကျပ် ၃ ဒသမ ၅ ဘီလီယံ၊ သမဝါယမ အသင်းက ငွေကျပ် ၁ ဘီလီယံနှင့် အစိုးရက ငွေကျပ် ၁ဝ ဘီလီယံ
ထည့်ဝင်ဝယ်ယူ ခဲ့ပြီး အစိုးရ ထည့်ဝင်ငွေကို သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး ရန်ပုံငွေ ငွေကျပ် ၁ဝဝ ဘီလီယံမှ ထုတ်ချေးပေးကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ တစ်နှစ်လျှင် ဆန်စားသုံးမှုသည် တန်ချိန်ရှစ်သိန်း ခန့်ရှိပြီး နှစ်စဉ် ဆန်ထုတ်လုပ်မှု သည် ပျမ်းမျှတန်ချိန် ၁၂ သိန်းခန့် ရှိကာ ယခုအခါ တိုင်းဒေသကြီး နှင့် ပြည်နယ်များ၌ ရေကြီး နစ်မြုပ်မှုကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုများ ဖြစ်လာမည်ကို စိုးရိမ်ရသော ကြောင့် ပြည်ပသို့ ဆန်တင်ပို့မှု တစ်လခွဲကျော် ရပ်နားခဲ့ရကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment