Pages

Wednesday, August 10, 2016

(၄)ကြိမ်မြောက် စစ်ပွဲက နျူကလီးယားစစ်ပွဲတစ်ခု ဖြစ်လာနိုင်သည့် အိန္ဒိယနှင့် ပါကစ္စတန်



( ရှိန်းထက် )

အိန္ဒိယစစ်သား များ၏ ပစ်ခတ်မှုကြောင့် အသက် ၂၂ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးမှု ဖြစ်စဉ်သည် ဇူလိုင်လ ကတည်းက ယခုအချိန်ထိ ဖြေရှင်းမရ နိုင်အောင် ဖြစ်နေသည်။ ကက်ရှ်မီးယား ဒေသ၌ ဆန္ဒပြသူများဖြင့် စည်ကားနေပြီး ဘုရားဖူးသူ ပေါင်း ၅ဝဝဝ ကျော် သောင်တင်ခဲ့သည်။ အင်တာနက်လိုင်း ဆက်သွယ်ရေး နှင့် သယ်ယူ ပို့ဆောင်ရေး အားလုံးကို ပိတ်ပစ်ခဲ့ ရသည်။

ထို့ကြောင့် နိုင်ငံတကာက ကက်ရှ်မီးယား ကို " အိန္ဒိယထံမှ ထွက်ပြေးတော့မည့် ကက်ရှ်မီးယား " ဟု ခေါင်းစဉ်တပ်ခဲ့ ကြသည်။ ဇူလိုင်လ အစောပိုင်း ကတည်းကစ၍ ယခု အချိန်ထိ ဆန္ဒပြမှုအတွင်း သေဆုံးသူပေါင်း ၆ဝ ခန့်ရှိခဲ့ပြီး ၅ဝဝဝ ခန့် ဒဏ်ရာရရှိ ခဲ့ကြသည်။ ပါကစ္စတန် လိုလားသော ကက်ရှ်မီးယား ပြည်သူများသည် ပါကစ္စတန် အစိုးရကို သူတို့အတွက် တစ်စုံတစ်ခု လုပ်ပေးစေချင် ကြသည်။

သို့သော် ကက်ရှ်မီးယား ကို ပါကစ္စတန် တို့ လူသိရှင်ကြား ကူညီလိုက်ပါက အိန္ဒိယ နှင့် ကျိန်းသေ စစ်ဖြစ်မည်။ ထို့ကြောင့် နောက်ကျောကသာ ကက်ရှ်မီးယား အကြမ်းဖက်သမား မူဂျာဟစ် များကို စစ်လက်နက် ပစ္စည်း ထောက်ပံ့ပေး ခဲ့ရသည်။ ယခုအခါ ပါကစ္စတန် အစိုးရ၏ သဘောထား သည် တစ်နည်းတစ်ဖုံ ပြောင်းလဲ လာခဲ့သည်။ ကက်ရှ်မီးယား ကိစ္စကို လူသိရှင်ကြား လုပ်လာပြီး ဝေဖန်လာသည်။

အကြမ်းဖက်သမား ဟု မီဒီယာများက ခေါင်းစဉ်တပ် ထားသော ဆာလာဟူဒင် ကို ကရာချိတွင် မီဒီယာများနှင့် စကားပြောခွင့် ပေးခဲ့သည်။ ထို့ပြင် ကက်ရှ်မီးယား အရေးကြောင့် အိန္ဒိယနှင့် ပါကစ္စတန် ကြားတွင် နျူကလီးယား စစ်ပွဲဖြစ်ပွား ရတော့မည် ဟူသော စကားလုံးများ ကိုပင် ပါကစ္စတန် အစိုးရက ခွင့်ပြုပေး ခဲ့သည်။ အိန္ဒိယအ စိုးရက ပါကစ္စတန် ၏ ပြောင်းလဲလာသော ကက်ရှ်မီးယား သဘောထား များကို သတိထား စောင့်ကြည့် နေရပြီး အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံသည် ကမ္ဘာ့အရှေ့ဖျား ၌ နျူကလီးယား စစ်ပွဲဖြစ်ရန် အနီးစပ်ဆုံး နိုင်ငံများတွင် ဆယ်စုနှစ်နှင့်ချီကာ ထိပ်ဆုံးက ရှိနေသည်။

အိန္ဒိယ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နျူကလီးယား လက်နက်ကို ပထမဆုံး အသုံးမပြုရန် ပါရှိသည်။ သို့သော် နိုင်ငံတစ်ခုခု ၏ အသုံးပြု တိုက်ခိုက်ခြင်း ခံရပါက မည်သည့် နိုင်ငံကိုဖြစ်စေ ရှိသမျှအင်အား အကုန်သုံး ပြီး တိုက်ခိုက်ခွင့် ရှိသည်ဟု ဖော်ပြထား သည်။ အိန္ဒိယ အာဏာရ နိုင်ငံရေး အသိုင်းအဝိုင်း အဆက်ဆက် လက်ကိုင်ထား ခဲ့သည်မှာလည်း ယင်း မူဝါဒသာ ဖြစ်သည်။

အကယ်၍ ပါကစ္စတန်၏ နျူကလီးယား ဖြင့် တိုက်ခိုက်ခံရလျှင် အိန္ဒိယအတွက် ရွေးချယ်စရာ နှစ်ခုသာရှိသည်။ ပြန်တိုက်မလား၊ ရှောင်ပြေးမလား ဟူ၍ဖြစ်သည်။ အိန္ဒိယ ပြောရေးဆိုခွင့် ရှိသူ အဆက်ဆက်နှင့် အာဏာရ ခေါင်းဆောင် အဆက်ဆက်က ပြန်တိုက်မည် ဟုသာ ဖြေကြားခဲ့ ကြသည်။ အိန္ဒိယနှင့် ပါကစ္စတန်သည် အတိတ်က ကက်ရှ်မီးယား ကြောင့် စစ်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့သည်။ မူဂျာဟစ် ဆာလာဟူဒင် က ကက်ရှ်မီးယား ကြောင့် ယခုတစ်ကြိမ် ဖြစ်မည့် အိန္ဒိယနှင့် ပါကစ္စတန် စစ်ပွဲသည် နျူကလီးယားစစ်ပွဲ ဖြစ်နိုင်သည်။ ကမ္ဘာ၏ ဒုတိယ အကြိမ်မြောက် နျူကလီးယား လက်နက် ကို အသုံးပြု တိုက်ခိုက်မည့် ခေတ်သစ်စစ်ပွဲ တစ်ခု ဖြစ်လာမည်ဟု ဆိုသည်။

၂ဝ၁၁ ခုနှစ်က ပါကစ္စတန်သည် အသေးစား နျူကလီးယား လက်နက်ထိပ်ဖူး များကို အောင်မြင်စွာ စမ်းသပ် ထုတ်လုပ်နိုင် ခဲ့သည်။ ဒုတိယကမ္ဘာ စစ်အတွင်းက ဟီရိုရှီးမားမြို့ပေါ်သို့ ကြဲချခဲ့သည့် အမေရိကန် တို့၏ နျူကလီးယားဗုံး အရွယ်အစား ထက် ၁ဝ ပုံတစ်ပုံသာ ရှိကာ ဒုံးပျံများတွင် တပ်ဆင် ပစ်ခတ်ရန် အကောင်းဆုံး အရွယ်အစား ဖြစ်သည်။ သို့သော် ပါကစ္စတန်တွင် အိန္ဒိယကို နျူကလီးယား လက်နက်နှင့် တိုက်ခိုက်ရာတွင် ရွေးချယ်စရာ သိပ်မရှိပေ။ ဒုံးပျံတွင် တပ်ဆင် ပစ်ခတ်မည့် နည်းတစ်နည်းသာ ရှိသည်။ ပါကစ္စတန် သည် ရေငုပ် သင်္ဘောဖြင့် နျူကလီးယား ထိပ်ဖူး သယ်ဆောင်ပြီး ပစ်ခတ်မည့် နည်းပညာကို ယခု အချိန်ထိ မပိုင်ဆိုင်သေးဘဲ လေယာဉ်တင် သင်္ဘောလည်း မရှိသောကြောင့် တခြား နျူကလီးယား လက်နက် အသုံးမပြု နိုင်ခြင်းသည် အိန္ဒိယတို့ထက် အားနည်းချက် ဖြစ်နေသည်။

အိန္ဒိယသည် ပင်လယ်ပြင် မည်သည့် နေရာကမဆို သူ၏ ရေငုပ်သင်္ဘော များဆီမှ နျူကလီးယား လက်နက်ကို ပါကစ္စတန် အထိ ရောက်အောင် ပစ်ခတ်နိုင်သည်။ ထို့ပြင် သူ၏ လေယာဉ်တင် သင်္ဘောကလည်း ပါကစ္စတန်မြို့ များကို ပြာဖြစ်အောင် စွမ်းဆောင်နိုင်စွမ်း လည်း ရှိနေသည်။ နောက် တစ်ချက်မှာ အိန္ဒိယတို့၏ အသစ်စက်စက် အသုံးမပြုရ သေးသော လေကြောင်းရန် ကာကွယ်ရေးစနစ် ဖြစ်သည်။ ဆယ်စုနှစ်နှင့်ချီ သုတေသနပြု ထုတ်လုပ် ထားသော အိန္ဒိယတို့၏ လေကြောင်းရန် ကာကွယ်ရေး စနစ်သည် စမ်းသပ်မှုများ တွင်သာ အောင်မြင်ထားပြီး လက်တွေ့ စစ်မြေပြင်တွင် စမ်းသပ်မှု မပြုလုပ် ရသေးပေ။ ရာခိုင်နှုန်း အများစု ကာကွယ်နိုင်စွမ်း ရှိသည်ဟု သုံးသပ်ခံထား ရပြီး ပါကစ္စတန် ထက် များစွာ သာလွန်သည့် အချက်တစ်ချက် လည်းဖြစ်သည်။ အိန္ဒိယ၏ ဘရာမို့စ် တာဝေးပစ်ဒုံးပျံ များသည် မိုင်ပေါင်း ထောင်နှင့်ချီ ရောက်အောင် ပစ်ခတ်နိုင်စွမ်း ရှိပြီး စူပါဆောနစ် ဒုံးပျံများကိုပင် အိန္ဒိယတို့ ရရှိလုနီးပါး အခြေအနေတွင် ရောက်နေပြီ ဖြစ်သည်။ ထို့ကြောင့် ဒုံးပျံလောက တွင်လည်း ပါကစ္စတန်တို့ အိန္ဒိယကို ယှဉ်နိုင်စွမ်း မရှိပေ။

ပါကစ္စတန်၏ စစ်ဘက်သည် အဓိက အမေရိကန်၏ အထောက်အပံ့ နှင့်သာ ရှင်သန်နေရခြင်း ဖြစ်သည်။ စစ်ဖြစ်ပွားခဲ့ ပါက ယခု ပါကစ္စတန်၏ မဟာမိတ် အသစ်ဖြစ်သော တရုတ်ကလည်း အဆက်အသွယ် ဖြတ်တောက်မည် ဖြစ်သည်။ အမေရိကန် ကလည်း သံသယရှိစရာ မလိုဘဲ အားလုံးကို ဖြတ်တောက်ပစ်မည် ဖြစ်သည်။ ထိုအရာများသည် ပါကစ္စတန် အတွက် စဉ်းစားရမည့် အချက်များ ဖြစ်သည်။ ထို့ပြင် ပါကစ္စတန်၏ နျူကလီးယား ဒုံးပျံများမှာ အိန္ဒိယကို တိတိကျကျ ထိမည် ဟုလည်း မဆိုနိုင်သေးပေ။ ပါကစ္စတန်က နျူကလီးယား လက်နက် ထိပ်ဖူးပစ်လိုက်ပြီ ဆိုသည်နှင့် ရုရှား၊ အမေရိကန် နှင့် တရုတ် တို့သည် ဖြစ်သည့်နည်း နှင့် ယင်းဒုံးပျံကို ကြားဖြတ် ပစ်ချကြမည် ဖြစ်သည်။

ထို့ကြောင့် ပါကစ္စတန်၏ နျူကလီးယား လက်နက်ထိပ်ဖူး အိန္ဒိယမြေကို ကျရောက်ရန်သည် ရာခိုင်နှုန်း အနည်းငယ် အားလျော့ သွားရဖွယ် ရှိသည်။ ထို့ပြင် တာဝေးပစ် ဒုံးပျံများ၏ အားနည်းချက် တစ်ခုကလည်း ရှိနေ သေးသည်။ ပစ်မှတ်ကို လုံးဝကွက်တိ ထိမှန်မှု မရှိခြင်း ဖြစ်သည်။ ထို့ကြောင့် အိန္ဒိယမြေကို နျူကလီးယား လက်နက်ထိပ်ဖူး ကျသည် ဆိုသော်လည်း နယူးဒေလီကို ပြာပုံဖြစ်အောင် မစွမ်းဆောင် နိုင်လျှင် ပါစ္စတန် တစ်နိုင်ငံလုံး ပြာကျမည် ဖြစ်သည်။ ထိုအချက်ကို နားလည်သော ပါကစ္စတန် တို့ကလည်း အဓိက ထိန်းချုပ်ထားသော နယူးဒေလီ ကို ပထမဆုံး ပစ်မှတ်ထား နေခြင်းဖြစ်သည်။ နယူးဒေလီ သာ ကျသွားပါက သူတို့ဘက်က နိုင်ခြေသည် ရာခိုင်နှုန်း ပိုများသွားမည် ဖြစ်သည်။

အိန္ဒိယတို့ကလည်း ပါကစ္စတန်ကို တိုက်မည့် ဗျူဟာများကို ကြိုတင်ပြင်ဆင် ထားပြီးဖြစ်သည်။ အကယ်၍ ပါကစ္စတန် သာ သူ့ကို နျူကလီးယား လက်နက်ဖြင့် တိုက်ခိုက် ခဲ့ပါက အိန္ဒိယ၏ လေယာဉ်တင် သင်္ဘော ဦးဆောင်သော အကြီးမားဆုံး လေကြောင်း အုပ်စုသည် တောင်ဘက်မှ ပါကစ္စတန်မြို့ များကို တန်းစီဗုံးကြဲမည် ဖြစ်သည်။ အိန္ဒိယလေတပ် ဗုံးကြဲကောင်း နေတုန်း အချိန်တွင် ထိုနေရာ ရောက်ရန် မြောက်ဘက် လေတပ် အခြေစိုက်စခန်းမှ ပါကစ္စတန် လေကြောင်းမှာ အသည်းအသန် ထွက်ခွာ လာရမည့် အချိန်ဖြစ်မည်။

ထိုအချိန်နှင့် တစ်ပြိုင်တည်း တွင် အရှေ့ဘက်တွင် အိန္ဒိယစစ်တပ်က အင်အား အလုံးအရင်းဖြင့် ဝင်ရောက်လာကာ ပါကစ္စတန်ကို သိမ်းမည်ဖြစ်သည်။ ရေကြောင်း ပစ်ကူနှင့် မြေပြင်ဒုံးပျံ တပ်ဖွဲ့များ၏ တာဝေးပစ် ဒုံးပျံများ ကလည်း တဖွဲဖွဲ ပါကစ္စတန်မြေ ကို ရောက်ရှိလာမည် ဖြစ်သည်။ ပါကစ္စတန် ပြည်သူ အများစုသည် အိန္ဒိယ-ပါကစ္စတန် နယ်စပ်များတွင် နေထိုင်ကြသည်။ ထို့ကြောင့် ပါကစ္စတန်တို့ အိန္ဒိယကို ထိလျှင် သူ့ပြည်သူ သန်းနှင့်ချီ သေဆုံးရမည် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ပါကစ္စတန် နှင့်အိန္ဒိယ နျူကလီးယားစစ်ပွဲ ဖြစ်ပွားလျှင် သမိုင်းတွင် အကြီးမားဆုံး လူသတ်စစ်ပွဲကြီး ဖြစ်ပွားမည် ဖြစ်ပြီး အနည်းဆုံး လူ သန်း ၂ဝဝ ခန့် သေဆုံးကြမည် ဖြစ်သည်။

ထို့ကြောင့် နိုင်ငံတိုင်းသည် မြောက်ကိုရီးယား၊ တရုတ်နှင့် ရုရှားတို့ကိုသာ အာရုံမစိုက်ဘဲ နျူကလီးယား စစ်ပွဲတစ်ပွဲကို ဦးဆောင်နိုင်သည့် အိန္ဒိယနှင့် ပါကစ္စတန် တို့ကိုလည်း အလေးထား စောင့်ကြည့်သင့် ပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment