Pages

Monday, July 25, 2016

SKD စနစ်ဖြင့် မော်တော်ယာဉ် ထုတ်လုပ်နေသည့် စက်ရုံများ သတ်မှတ်စံနှုန်းနှင့် ကိုက်ညီမှုရှိ-မရှိ စစ်ဆေးမည်



ရန်ကုန် ၊ ၂၅-၇-၂၀၁၆

ပြည်တွင်းရှိ မော်တော်ယာဉ် ထုတ်လုပ်သည့် စက်ရုံများမှာ ပြည်ပမှ လိုအပ်သည့် အစိတ်အပိုင်း များကို မှာယူပြီး ပြန်လည်တပ်ဆင် ထုတ်လုပ်ခြင်း (Semi Knock Down-SKD) စနစ်ဖြင့် မော်တော်ယာဉ် ထုတ်လုပ်နေသည့် စက်ရုံများ သတ်မှတ်စံနှုန်း နှင့် ကိုက်ညီမှု ရှိ၊ မရှိ ယခုနှစ်အတွင်း စစ်ဆေး သွားမည် ဖြစ်ကြောင်း စက်မှုဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

''ပြည်တွင်းမှာ SKD စနစ်နဲ့ ထုတ်လုပ်နေတယ် ဆိုပြီး ပြည်ပကကား တွေကို တင်သွင်းပြီး ရောင်းချနေတာပါ။ အဲဒီလို ရောင်းချတာတွေ သတ်မှတ်စံနှုန်းကို ချိုးဖောက်ပြီး ထုတ်လုပ်နေလား ဆိုတာကို သိချင်လို့ စစ်ဆေးမှု ပြုလုပ်ပြီး မသမာမှု ပြုလုပ်တာကို တွေ့ရင်တော့ ပြင်းထန်စွာ အရေးယူ သွားမှာပါ'' ဟု ၄င်းက ပြောသည်။

ပြည်တွင်း၌ SKD စနစ်ဖြင့် မော်တော်ယာဉ် ထုတ်လုပ်သည့် စက်ရုံများရှိ သော်လည်း CKD (Complete Knock Down) စနစ်ဖြင့် မော်တော်ယာဉ် ထုတ်လုပ်သည့် စက်ရုံများ မရှိသေးကြောင်း၊ ပြည်တွင်း၌ SKD စနစ်ဖြင့် မော်တော်ယာဉ် ထုတ်လုပ်မှုကို Myanmar SUZIKI Motor ၊ Super Seven Stars ၊ Ford Myanmar ကုမ္ပဏီတို့က လုပ်ကိုင် နေကြောင်း သိရသည်။

SKD စနစ်ဖြင့် မော်တော်ယာဉ်များ ထုတ်လုပ်သည့် အခါ အပိုင်း ကိုးပိုင်းဖြင့် ထုတ်လုပ်ရမည် ဟု သတ်မှတ်ထားပြီး တင်သွင်းလာသည့် အစိတ်အပိုင်းများ အားလုံး မှာလည်း အသစ်ဖြစ်ရမည် ဖြစ်ကာ ယင်းအချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိကို စက်မှု ဝန်ကြီးဌာနမှ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

မင်းသော်တာလွင်

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment