Pages

Tuesday, July 26, 2016

တစ်ပြည်တစ်ရွာ အလုပ်ရှာ ရေသာများ၍ ငါးမတွေ့


တစ်ပြည်တစ်ရွာ အလုပ်ရှာ ရေသာများ၍ ငါးမတွေ့

မြန်မာနိုင်ငံရှိ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ နှင့် ဆက်သွယ်၍ ပြည်ပနိုင်ငံ များသို့ သွားရောက် အလုပ်လုပ်ကိုင် ကြသူများမှာ အဆင်ပြေသူများ ရှိသကဲ့သို့ အဆင်မပြေသူ များလည်း ရှိကြသည်။ ထိုင်းနိုင်ငံ လပ်ဆူရီခရိုင် ဘန်ပုံမြို့နယ်ရှိ လုံမတ်ဂျီလတ် မားမားကြာဆံ စက်ရုံတွင် အလုပ်လုပ်ကိုင် နေကြသော မြန်မာလုပ်သား ၁၃၉ ဦးတို့သည် တစ်လကျော် လုပ်ကိုင်ခဲ့သည့် လုပ်အားခ မရသည့် အပြင် ရက် ၂ဝ ကြာသည် အထိ အလုပ်မဆင်း ရခြင်းတို့ကြောင့် လုပ်ငန်းခွင် ကို စွန့်ခွာ လာကြသည်။

ကြာဆံစက်ရုံတွင် အလုပ်လုပ်ကိုင် နေကြသော မြန်မာ အလုပ်သမား များကို ပို့ဆောင်ပေးသည့် မွန်ဘီ အေဂျင်စီမှ တာဝန်ရှိသူနှင့် ထိုင်းအလုပ်ရှင်၊ မြန်မာ အလုပ်သမား များနှင့် မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိနှင့် ထိုင်းအာဏာပိုင် အဖွဲ့တို့ တွေ့ဆုံ၍ ဇူလိုင် ၂၃ ရက်တွင် တွေ့ဆုံညှိနှိုင်း ကြသည်။ တွေ့ဆုံညှိနှိုင်း ရာတွင် မြန်မာသံရုံးမှ သံအရာရှိက အလုပ်သမားများ အလုပ်ပြန်ဝင်ရန် ပြောသော်လည်း ၄င်းကြာဆံ စက်ရုံတွင် အလားတူ ပြဿနာ ဖြစ်သည်မှာ ယခုတစ်ကြိမ် နှင့်ဆိုလျှင် လေးကြိမ် ရှိပြီဖြစ်၍ ယုံကြည်မှု မရှိတော့ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း စီးပွားရေး လုပ်ငန်း လုပ်ကိုင်နေသော ကုမ္ပဏီပေါင်း ၆၄ဝဝဝဝ ခန့်ရှိသည့် အနက်မှ နာမည်ပျက်စာရင်း တင်သွင်း ထားသော ကုမ္ပဏီ အရေအတွက် ၃ ဒသမ ၆ ရာခိုင်နှုန်း နီးပါးရှိကြောင်း ဆင်ဟွာ သတင်းတစ်ရပ် အရ သိရသည်။ ထိုင်းနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးမှုဌာန (BDD) က ထုတ်ပြန်သော စာရင်းများအရ ကုမ္ပဏီပေါင်း ၂၂၉၉၂ ခုသည် ကုမ္ပဏီ ရုံးစိုက်ရာ နေရာဖော်ပြ ထားခြင်း မရှိသည့်အပြင် တခြား လိုအပ်သော အထောက်အထား စာရွက်စာတမ်း နှင့် ငွေကြေးရှင်းတမ်း တို့ကိုလည်း တင်ပြနိုင်ခြင်း မရှိသဖြင့် ၄င်းကုမ္ပဏီ များအား နာမည်ပျက်စာရင်း (Black List) တင်သွင်းခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းစီးပွားရေး ဖွံ့ဖြိုးမှု ဌာနသည် ယခုနှစ်အတွင်း စီးပွားရေး လုပ်ငန်း လုပ်ကိုင်နေသော ကုမ္ပဏီများအား စစ်ဆေးရာတွင် ဌာနချုပ် တည်ရှိသော နေရာဖော်ပြ မထားသည့် ကုမ္ပဏီ ၇၂၉၃ ခု၊ လိုအပ်သော နှစ်ပတ်လည် ငွေစာရင်း ရှင်းတမ်း မတင်ပြနိုင်သည့် ကုမ္ပဏီ ၄ဝ၅၄ ခု၊ နှစ်ပတ်လည် ငွေစာရင်း ရှင်းတမ်း တင်ပြသော်လည်း ငွေစာရင်း ရှင်းတမ်းပါ အချက်အလက် နှင့် ကိန်းဂဏန်း များနှင့် စပ်လျဉ်းသော စုံစမ်း မေးမြန်းမှုများ အတွက်လုံလောက်သော အဖြေ မပေးနိုင်သည့် ကုမ္ပဏီ ၁၁၂၉၃ ခု အသီးသီး ရှိကြောင်း သိရသည်။

ထိုင်းစီးပွားရေး ဖွံ့ဖြိုးမှုဌာနမှ ညွှန်ကြားရေးမှူးချုပ် ၏ ပြောပြချက် အရ တချို့ကုမ္ပဏီ များသည် နိုင်ငံတကာမှ လူသိများ ထင်ရှား ကျော်ကြားသော ကုမ္ပဏီများ၏ အမည်နှင့် ဆင်တူယိုးမှား အမည်များဖြင့် လုပ်ကိုင်၍ ပြည်သူများကို လှည့်ဖျား နေကြောင်းလည်း သိရသည်။

ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ သည် မိမိတို့ စေလွှတ်မည့် ပြည်ပလုပ်ငန်းနှင့် သက်ဆိုင်သော အချက်အလက် များကို စေ့ငုသေချာစွာ လေ့လာထား မှသာ နှစ်ဦးနှစ်ဖက် အဆင်ပြေ နိုင်ပေမည်။ မည်သည့် အကျိုးဆောင် လုပ်ငန်းမဆို စေတနာထား တတ်လျှင် နတ်လူသာဓု ခေါ်ဖွယ်ရာ လုပ်ငန်းများပင် ဖြစ်သည်။ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင် လိုသူများ ကလည်း မိမိသွားရောက် လုပ်ကိုင်လိုသည့် လုပ်ငန်း သို့မဟုတ် သွားရောက် လုပ်ကိုင်ရမည့် လုပ်ငန်း သဘော သဘာဝနှင့် ပတ်ဝန်းကျင် အခြေအနေ တို့ကို သေချာလေ့လာ စုံစမ်းပြီးမှ သွားရောက် လုပ်ကိုင် သင့်သည်။

ယနေ့အချိန် မြန်မာနိုင်ငံ စီးပွားရေး လောကတွင် ကျွမ်းကျင်လုပ်သား ရှားသည့် အခက်အခဲ ရှိကြောင်း ကြားသိနေရ သကဲ့သို့ စိုက်ပျိုးရေး လုပ်ငန်းနှင့် တခြားပြည်တွင်း ကုန်ထုတ်လုပ်ငန်း များတွင်လည်း လုပ်သား ရှားပါးသည့် ပြဿနာများ ရှိကြောင်း သိရ သည်။ လုပ်ငန်းခွင် ဝင်ရောက်လာသည့် လုပ်သားများ မှာလည်း တယ်လီဖုန်း ယဉ်ကျေးမှုက လွှမ်းမိုးနေသဖြင့် လုပ်ငန်း မတွင်ကျယ်သည့် ပြဿနာ များကြောင့် လုပ်ငန်းရှင်များ စိတ် အနှောင့်အယှက် ဖြစ်နေကြောင်း လည်း သိရသည်။

တစ်ပြည်တစ်ရွာ သို့ အလုပ်အကိုင် သွားရောက် လုပ်ကိုင်လိုသူ ဖြစ်စေ၊ ပြည်တွင်း အလုပ်အကိုင် လုပ်ကိုင်လိုသူ ဖြစ်စေ မိမိဘက်က ကျွမ်းကျင်မှုနှင့် စေတနာ ပေါင်းစပ် လုပ်ကိုင်ပါက ဥပဒေနှင့်အညီ အကျိုးခံစားခွင့် ရရှိရေးအတွက် တူညီသော အကျိုးကို ခံစားရမည် ဖြစ်ပေသည်။

( အယ်ဒီတာ့အာဘော် )

မြ၀တီနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment