Pages

Tuesday, July 26, 2016

ချင်းတွင်းမြစ်ရေ ဒုတိယအကြိမ် မြင့်တက်လာမှုကြောင့် မော်တော်ယာဉ်ခရီးစဉ်များ လေရက်ကြာရပ်နားမည်



မုံရွာ ၊ ၂၆-၇-၂၀၁၆

စစ်ကိုင်းတိုင်း ဒေသကြီး တစ်လျှောက် ဖြတ်သန်း စီးဆင်းလျက် ရှိသော ချင်းတွင်းမြစ်သည် အထက်ပိုင်း မြစ်ရိုးတစ်လျှောက် ရှိ မြို့နယ်တို့၌ စိုးရိမ်ရေမှတ် အထက်သို့ အသီးသီး ရောက်ရှိလျက် ရှိရာ မုံရွာမြို့မှ အထက်ပိုင်း ဒေသများသို့ ထွက်ရှိမည့် ခရီးစဉ်များကို ယမန်နေ့မှ စတင်၍ လေးရက်ကြာ ရပ်နားသွားမည် ဖြစ်ကြောင်း မုံရွာမြို့ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီ ထံမှ သိရသည်။

ချင်းတွင်းမြစ်ရေ သည် ဇူလိုင်လ အတွင်း ဒုတိယ အကြိမ်မြောက် မြစ်ရေကြီးခြင်း ဖြစ်သောကြောင့် ကုန်တင် ရေယာဉ်များနှင့် လူစီး အမြန်ရေယာဉ်များ လမ်းကြောင်း တစ်လျှောက်တွင် ရပ်နားရန် အခက်အခဲ ရှိခြင်း၊ ပျက်စီး ဆုံးရှုံးမှုများ မဖြစ်ပေါ် စေရေး တို့အတွက် ဇူလိုင် ၂၃ ရက်က ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ပြည်တွင်းရေလမ်း ထိန်းသိမ်းရေး ဦးစီးဌာန၊ ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးရေး ဦးစီးဌာန၊ မုံရွာမြို့ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီ၊ ကုန်တင်ရေယာဉ် အသင်းများနှင့် လူစီးအမြန် ရေယာဉ် အသင်းများမှ ကိုယ်စားလှယ် များဖြင့် မုံရွာမြို့ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီရုံးတွင် တွေ့ဆုံ ဆွေးနွေးပြီး လေးရက်ကြာ ရပ်နားခြင်း ဖြစ်ကြောင်း သိရသည်။

''ချင်းတွင်းမြစ်ရေ မြင့်တက်မှုဟာ အခု အကြိမ်က ဒုတိယအကြိမ်ပါ။ ချင်းတွင်း အထက်ပိုင်း ဒေသတွေမှာ စိုးရိမ်ရေမှတ် အထက်ကို ရောက်နေတဲ့ အတွက် ကုန်တင် ရေယာဉ်တွေ၊ လူစီး အမြန်ရေယာဉ်တွေ ရပ်နားဖို့ အခက်အခဲတွေ ရှိတယ်။ နောက်ပြီး မြစ်ကြောင်း တစ်လျှောက်မှာ ရှိတဲ့ မစိန်ဝဲ၊ ပေဝဲ၊ ဝက်သိုက်ဝဲ၊ ရွှေစာရေးဝဲ တွေက အန္တရာယ် များတဲ့အတွက် ခရီးစဉ်တွေကို ရပ်နားတာပါ။ ရေပြန်ကျရင် ထွက်ခွာခွင့်ပြု မှာပါ။ အထက်ပိုင်း ဒေသတွေရဲ့ မြစ်ရေ ကြီးမြင့်မှု အခြေအနေကို ကြည့်ပြီးတော့ ခရီးထွက်ခွာခွင့် တွေကို အမြန်ပြန်လည် ဖွင့်လှစ်ပေး သွားမှာပါ'' ဟု မုံရွာမြို့ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ချင်းတွင်းမြစ်ရေ ကြီးမြင့်မှု ကြောင့် ဇူလိုင်လ အတွင်း ပထမအကြိမ် အဖြစ် ဇူလိုင် ၁၁ ရက်မှ၁၆ ရက်အထိ ခြောက်ရက်ကြာ ရပ်နားခဲ့ရပြီး ယခုအခါ ဒုတိယ အကြိမ်ဖြစ် ဇူလိုင် ၂၅ ရက်မှ ၂၈ ရက်အထိ လေးရက်ကြာ ရပ်နားခြင်း ဖြစ်ကြောင်းနှင့် အထက်ပိုင်း ဒေသများ၏ မြစ်ရေကြီးမြင့်မှု အခြေအနေ အရ ပိတ်ရက်များ ထပ်မံတိုးနိုင်ဖွယ် ရှိကြောင်း မုံရွာမြို့ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီမှ သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment