Pages

Saturday, July 23, 2016

ပြည်ပမှ ၀ယ်ယူတင်သွင်းမည့် သစ်အမျိုးအစားတချို့မှာ အထူးကုန်စည်ခွန် အမျိုးအစားထဲတွင် ပါဝင်နေ၍ လုပ်ငန်းရှင်များအတွက် အဆင်မပြေနိုင်



ရန်ကုန် ၊ ၂၃-၇-၂၀၁၆

ပြည်တွင်းသုံး သစ်ကုန်ကြမ်း လိုအပ်ချက် ရှိလာပါက ပြည်ပမှ ဝယ်ယူတင်သွင်း ခွင့်ပြုရန်ရှိသည် ဆိုသော်လည်း ယခုနှစ်အတွင်း ပြဋ္ဌာန်းလိုက်သည့် အထူးကုန်စည်ခွန် ဥပဒေအရ သစ်အမျိုးအစား တချို့မှာ အထူး ကုန်စည်ခွန် အပြင် ကုန်သွယ် လုပ်ငန်းခွန်များ ပေးဆောင်ရမည် ဖြစ်သောကြောင့် ဝယ်ယူ တင်သွင်းရမည့် လုပ်ငန်းရှင်များ အတွက် အဆင်မပြေ နိုင်ကြောင်း သိရသည်။

အထူးကုန်စည်ခွန် ဥပဒေအရ အထူးကုန်စည် အမျိုးအစားထဲတွင် ပါဝင်သော ကျွန်း နှင့် သစ်မာသစ်လုံးများ၊ ၁ဝ လက်မ ပတ်လည် နှင့်အထက် ကျွန်းနှင့်သစ်မာ၊ သစ်ခွဲသားများ အတွက် အထူးကုန်စည်ခွန် ၂၅ ရာခိုင်နှုန်း နှင့် ကုန်သွယ် လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

''သစ်အချောထည် ထုတ်လုပ်မှု အတွက် သစ်ကုန်ကြမ်း တင်သွင်းမှုက ပြည်တွင်းသစ် ထုတ်လုပ်မှု ရပ်တန့်ခြင်းကို အထောက်အကူပြု ပါတယ်။ ပြည်ပက တချို့သစ် အမျိုးအစားတွေ ဆိုရင် ပြည်တွင်းထက် ဈေးနှုန်း သက်သာ တာတွေ ရှိတယ်။ ဒါပေမဲ့ ပြည်တွင်း စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ အထောက်အကူ ပြုအောင် လိုအပ်တဲ့ သစ်ကုန်ကြမ်း တင်သွင်းရာမှာ အခွန် ကောက်ခံမှုကို လျှော့ချပေး ဖို့ ပြန်လည် သုံးသပ်သင့် ပါတယ်'' ဟု သစ်လုပ်ငန်းရှင် ဦးဘာဘာချို က ပြောသည်။

၂ဝ၁၄ ခုနှစ် ဧပြီ ၁ ရက်မှစတင်၍ ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်းခဲ့ပြီး ယခုအခါ ပြည်တွင်းသစ် ထုတ်လုပ်မှု ကိုပါ တစ်နှစ်ယာယီ ရပ်ဆိုင်းထား ခြင်းကြောင့် စက်ရုံ၊ အလုပ်ရုံ များအတွက် သစ်ကုန်ကြမ်း လိုအပ်ချက် ရှိလာတော့မည် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပြည်တွင်း ကုန်ကြမ်း လိုအပ်ချက် ဖြည့်ဆည်းနိုင်ရန် မြန်မာ့ သစ်လုပ်ငန်း ၌ရှိသော ကျွန်းနှင့် သစ်မာလုံး လက်ကျန် များကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် အတွက် ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်းသစ် ကုန်ကြမ်း လိုအပ်ချက် အတွက် လာမည့် ဘဏ္ဍာနှစ်တွင် သစ်လုံးပြန်လည် ထုတ်ယူရဖွယ် ရှိသောကြောင့် ယခင်နှစ်များ ကဲ့သို့ အပြည့်အဝ မထုတ်ယူဘဲ နိုင်ငံတွင်း သုံးစွဲမှု လုံလောက် ရန်သာ လျှော့ချထုတ်ယူ သွားမည် ဖြစ်ကြောင်း သိရသည်။

မြတ်လေးငုံ

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment