Pages

Friday, July 8, 2016

ရန်ကုန်မြို့ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် လက်မောင်း အရေပြားအောင်ထည့်သည့် သားဆက်ခြား ဆေးပစ္စည်းကို အခမဲ့ ထည့်သွင်းပေးမည်



ရန်ကုန် ၊ ၈-၇-၂၀၁၆

ရန်ကုန်မြို့ရှိ ဗဟိုအမျိုးသမီး ဆေးရုံကြီး ၌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ၏ Family Planning အရ လက်မောင်း အရေပြားအောက် ထည့်သည့် သားဆက်ခြား ဆေးပစ္စည်းကို အသက် ၁၅ နှစ်မှ ၄၅ နှစ်ရှိ အမျိုးသမီး များကို အခမဲ့ ထည့်သွင်း ပေးမည် ဖြစ်ကြောင်း သိရသည်။

''ဟော်မုန်းဓာတ် အရတော့ ဝလာတာ ရှိပါမယ်။ ဆေးပစ္စည်း ထည့်ခါစမှာတော့ သွေးက တစ်စက်စက် ကျတာမျိုး ဖြစ်တတ်တယ်။ နောက်ပြီးတော့ ရာသီသွေး ထိန်သွားတာ လည်းရှိမယ်။ ငါးနှစ်ကိုတစ်ခါ ထည့်သွင်းရုံ ပဲဖြစ်ပါတယ်။ အသက် ၁၅ နှစ်ကနေ ၄၅ နှစ်အတွင်း ထည့်ပေးသွားမှာ ဖြစ်ပါတယ်'' ဟု မိခင်နှင့် မျိုးဆက်ပွား ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ဒေါ်လှမြသွေးအိန္ဒြာ က ပြောသည်။

မိခင်များအနေဖြင့် သားသမီး မရစေသည့် ဆေးများ မကြာခဏ ထိုးခြင်း၊ သောက်ခြင်းကြောင့် ဘေးထွက် ဆိုးကျိုးများ ဖြစ်ပေါ်ကာ သေဆုံးမှုများ ရှိလာပြီး အဆိုပါ သားဆက်ခြား သည့် ဆေးပစ္စည်း ထည့်ထားပါက သုံးနှစ်မှ ငါးနှစ်အတွင်း ဆေးအာနိသင် ရှိနေမည် ဖြစ်သည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန မိခင်နှင့် မျိုးဆက်ပွား ကျန်းမာရေး ဌာနခွဲနှင့် PSI တို့ ပူးပေါင်းပြီး Launching and Master Mentor Training on Long Acting Reversible Contraception Implant သင်တန်း၌ သားဖွားဆရာမ များကို ဇူလိုင် ၅ ရက်က အဆိုပါ ဆေးရုံကြီး၌ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပြီး သင်တန်းပြီး ပါက မိမိနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး ၌ ဆင့်ပွား သင်တန်းများ ပေးရမည် ဖြစ်သည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် ၂ဝ၂ဝ ပြည့်နှစ် အရောက်တွင် Family Planning အရ လက်ရှိ ၃၅ ရာခိုင်နှုန်းမှ ၆ဝ ရာခိုင်နှုန်းအထိ ဆောင်ရွက်မည် ဖြစ်သောကြောင့် သားဆက်ခြား နည်းကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်နိုင်ရန် လက်မောင်း အရေပြားအောက် သားဆက်ခြား ဆေးပစ္စည်း ထည့်နည်း သင်တန်းကို ပို့ချပေးခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အသက် ၁၈ နှစ် မပြည့်မီနှင့် အသက် ၃၅ နှစ်ကျော်မှ ကိုယ်ဝန်ဆောင်လျှင် မိခင်ရော ကလေး၏ ကျန်းမာရေး အတွက်ပါ အန္တရာယ် ပိုရှိခြင်း၊ မိခင်များနှင့် ကလေးများ ၏ ကျန်းမာရေး အတွက် ကလေးများကိုနှစ်နှစ်ခြား၍ မွေးသင့်ခြင်း၊ လေးကြိမ်ထက် ကျော်၍ ကိုယ်ဝန်ဆောင် ခဲ့လျှင် နောက်ကိုယ်ဝန် ရှိစဉ်နှင့် မီးဖွားချိန်တွင် အန္တရာယ် ဖြစ်ခြင်း တို့ကြောင့် သက်ဆိုင်ရာ ဆရာဝန် များနှင့်ပြသ ပြီးမှ သန္ဓေတားဆေး များကိုသုံးစွဲသင့်ကြောင်း သိရသည်။ (ဇာဏီ)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment