Pages

Sunday, July 24, 2016

ပြည်တွင်းရှိ သားရဲတိရစ္ဆာန်များကို ပြည်ပသို့ တရားမ၀င် ရောင်းချနေမှုများ ထိန်းချုပ်သွားမည်



ရန်ကုန် ၊ ၂၄-၇-၂၀၁၆

မြန်မာနိုင်ငံ အတွင်းရှိ သားရဲ တိရစ္ဆာန်များကို ပြည်ပသို့ တရားမဝင် တင်ပို့ရောင်းချ နေမှုများကြောင့် မျိုးသုဉ်း ပျောက်ကွယ်မှု အန္တရာယ် ကင်းဝေးရန် ထိရောက်သော ကြပ်မတ်မှု များဖြင့် ထိန်းချုပ်ပေး သွားမည် ဖြစ်ကြောင်း သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် တားဆီး နှိမ်နင်းရေးတွင် တိကျသော သတင်း ပေးပို့မှုများသည် အရေးကြီးသည့် အတွက် သစ်တော ဦးစီးဌာန အနေဖြင့် နိုင်ငံတကာ NGO အဖွဲ့အစည်းများ ဖြစ်သော Wildlife Conservation Society ၊ World Wide Fund တို့နှင့် ပူးပေါင်းကာ တောရိုင်း တိရစ္ဆာန်နှင့် အစိတ်အပိုင်း များအား နယ်စပ်ဒေသများ သို့ မှောင်ခို ရောင်းဝယ်မှု သတင်းအချက် အလက်များ စုဆောင်းရေး အတွက် စီစဉ် ဆောင်ရွက် နေကြောင်း၊ အလားတူ နယ်စပ် လမ်းကြောင်းများ တွင်လည်း ကြပ်မတ် စစ်ဆေးခြင်း တို့ကို ဆက်တိုက် ပြုလုပ်ပေးလျက် ရှိကြောင်း၊ ဆင်စွယ်၊ မြွေ၊ လိပ်နှင့် သင်းခွေချပ် တို့ကို အများဆုံး တရားမဝင် မှောင်ခိုတင်ပို့ ကြပြီး တခြားသော တောရိုင်း တိရစ္ဆာန် များ၏ အစိတ်အပိုင်း များကိုလည်း တင်ပို့ကြသည်။

ယင်း တောရိုင်း တိရစ္ဆာ န်နှင့် ၄င်းတို့၏ အစိတ်အပိုင်း များအား နိုင်ငံတကာ၌ တရားမဝင်ကုန်သွယ် ရောင်းဝယ်ခြင်း သည် လက်နက်မှောင်ခို၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု တို့နောက်တွင် အဆင့် (၄) နေရာတွင် ရှိနေကြောင်း၊ ထို့အတွက် ကမ္ဘာ့နိုင်ငံ များနှင့် ပူးပေါင်းကာ ရှားပါး မျိုးစိတ်များ ကူးသန်း ရောင်းဝယ်မှုကို ထိန်းချုပ်နိုင်ရန် တောရိုင်း တိရစ္ဆာန် ရောင်းဝယ်ယူမှု စောင့်ကြည့်ရေး အပြည်ပြည် ဆိုင်ရာ ကွန်ရက်အဖွဲ့ (TRAFFIC) နှင့်ပူးပေါင်းကာ သက်ဆိုင်ရာ အဖွဲ့အစည်း များမှ ဝန်ထမ်းများကို သင်တန်းများ ပေးလျက် ရှိကြောင်း၊ မြန်မာနိုင်ငံ အတွင်း တရားမဝင် မှောင်ခို ကုန်သွယ်မှုများ ရှိနေသေးကြောင်း သိရသည်။

ကာကွယ်ထားသည့် တောရိုင်း တိရစ္ဆာ န် များကို ခွင့်ပြုချက် မရှိဘဲ လက်ဝယ် ထားရှိခြင်း၊ ရောင်းချခြင်း၊ သယ်ဆောင်ခြင်း နှင့် ပြည်ပသို့ တင်ပို့ ရောင်းချခြင်း များတွေ့ရှိ ပါက ထောင်ဒဏ် ခုနစ်နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ငွေကျပ် ၅ဝဝဝဝ အထိဖြစ်စေ ဒဏ်နှစ်ရပ် စလုံးဖြစ်စေ ချမှတ် နိုင်ကြောင်း သိရသည်။

၂ဝ၁ဝ ပြည့်နှစ်မှ ယခုနှစ် ဇူလိုင်လ အထိ တောရိုင်း တိရစ္ဆာ န်များ တရားမဝင် ရောင်းဝယ် ဖောက်ကားခြင်း ဖမ်းဆီးရမိမှု သည် ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့၌ ၁၂ မှု၊ ဧရာဝတီတိုင်း ဒေသကြီး၌ ကိုးမှု၊ ကချင်ပြည်နယ် ၌ ခုနစ်မှု၊ တနင်္သာရီတိုင်း ဒေသကြီး၌ ငါး မှု၊ ရန်ကုန်တိုင်း ဒေသကြီး၌ ရှစ်မှု၊ နေပြည်တော် အပါအဝင် ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ကယားပြည်နယ် တို့၌ ၁၄ မှုစီ ရှိခဲ့ကြောင်း သိရသည်။

စိုးမိုး ၊ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment