Pages

Friday, July 8, 2016

သားငှက်ထိန်းသိမ်းရေးအဖွဲ့ နှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်



နေပြည်တော် ၊ ၈-၇-၂၀၁၆

ပြည်တွင်းရှိ တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေး လုပ်ငန်းများကို သားငှက် ထိန်းသိမ်းရေး အဖွဲ့နှင့် သစ်တော ဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်လျက် ရှိကြောင်း သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

ထို လုပ်ငန်းများတွင် နို့တိုက်သတ္တဝါ မျိုးစိတ်များကို စာရင်း ကောက်ယူခြင်း၊ ဘေးမဲ့တော အတွင်း ကင်းလှည့် ထိန်းသိမ်းခြင်း ဆိုင်ရာ သင်တန်းပေးခြင်း၊ လိပ် ထိန်းသိမ်းရေး စခန်းများ တည်ထောင်ခြင်း နှင့် မူရင်းနေရပ်သို့ ပြန်လည် လွှတ်ပေး၍ Radio Telemetry အသုံးပြု စောင့်ကြည့် လေ့လာခြင်း၊ အပင်မျိုး စိတ်သုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အမျိုးသား ဥယျာဉ် စီမံအုပ်ချုပ်မှု အတွက် စွမ်းရည် မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အာဆီယံနိုင်ငံ များရှိ တိရစ္ဆာန် ဥယျာဉ်များနှင့် နည်းပညာ ဖလှယ်ခြင်း၊ နယ်စပ်ဒေသ၌ တောရိုင်း တိရစ္ဆာန် နှင့် ဆက်စပ်ပစ္စည်း တရားမဝင် ကုန်သွယ်မှုနှင့် ပတ်သက်၍ ထိရောက်စွာ ဆောင်ရွက်ခြင်း တို့ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ လေ့လာ တွေ့ရှိချက် များအရ တောရိုင်း တိရစ္ဆာန်များ ထိန်းသိမ်း ကာကွယ်မှု အားနည်းခြင်း ကြောင့် နှစ်စဉ် ကြံ့အကောင်ရေ ၁ဝဝဝ ကျော်နှင့် အာဖရိကဆင် ၃၅ဝဝဝ ကျော်သည် အမဲလိုက် သတ်ဖြတ်ခြင်း ခံရပြီး ယခုအခါ ဂမ်ဘီယာ၊ ဘိုကီနာဖာဆို၊ ဘီနင်နှင့် တိုဂိုနိုင်ငံ တို့၌ ချင်ပန်ဇီ မျောက်များ မျိုးသုဉ်း ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း၊ ဝက်ဝံ ၃ဝဝဝ ခန့် နှစ်စဉ်ဆုံးရှုံး နေကြောင်း၊ အာရှနိုင်ငံ တချို့၏ ဈေးဆိုင်များ၌ ကျား အရေခွံများ၊ ဧရာမ ပင်လယ်လိပ်ခွံ ကြီးများကို တွေ့မြင်နေ ရသောကြောင့် တောရိုင်း တိရစ္ဆာ န်များ တရားမဝင် ကုန်သွယ်မှုသည် ဇီဝမျိုးစုံ မျိုးကွဲများ လျော့ပါးခြင်းနှင့် မျိုးသုဉ်းခြင်း အခြေအနေ ရောက်ရှိ နေသည်ကို တွေ့ရှိရကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် မျိုးဆက် ပျက်သုန်းလု တောရိုင်း တိရစ္ဆာန် နှင့် သစ်ပင် ပန်းမန်များ နိုင်ငံတကာ ကုန်သွယ်မှု ဆိုင်ရာ ကွန်ဗင်းရှင်း (CITES) ကို ၁၉၉၇ ခုနှစ်တွင် ပါဝင် လက်မှတ်ရေးထိုး ခဲ့ပြီး အာဆီယံ ဒေသတွင်း တောရိုင်း တိရစ္ဆာန် နှင့် သစ်ပင်ပန်းမန် များ တရားမဝင် ကူးသန်း ရောင်းဝယ်မှု တားဆီး နှိမ်နင်းရေး ကွန်ရက် (ASEAN-WEN) သို့လည်း ၂ဝဝ၅ ခုနှစ်တွင် ဝင်ရောက်ခဲ့ကြောင်း သိရသည်။ (သဲသဲ)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment