Pages

Friday, July 8, 2016

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော် လုံခြုံရေး ၀န်ကြီးဌာန၀န်ကြီး အား လက်ခံတွေ့ဆုံ



နေပြည်တော် ၊ ၈-၇-၂၀၁၆

ကမ္ဘာပေါ်တွင် ပြီးပြည့်စုံသည့် လုံခြုံရေး ဆောင်ရွက်နိုင်သော နိုင်ငံဟူ၍ မရှိကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များတွင် လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုများ မရှိမဖြစ် လိုအပ်ကြောင်း၊ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံများ၏ ဆက်ဆံရေးသည် လုံခြုံရေးအပေါ် များစွာ မူတည်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေး တွင် ယုံကြည်မှုမှာ အရေးကြီးကြောင်း၊ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား အပြန်အလှန် ယုံကြည်မှု၊ လေးစားမှု၊ ရိုးသားမှု၊ စိတ်ရင်း စေတနာ ကောင်းဖြင့် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊  နိုင်ငံတော် လုံခြုံရေး ၀န်ကြီးဌာန ၀န်ကြီး H.E.Mr. GENG Huichang ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင် ၌ လက်ခံတွေ့ဆုံ ရာတွင် ထည့်သွင်း ပြောကြား ခဲ့သည်။

ယင်းသို့ တွေ့ဆုံရာတွင် ဧည့်သည်တော် ၀န်ကြီးက ကမ္ဘာ့နိုင်ငံ အသီးသီးတွင် လုံခြုံရေးကိစ္စရပ် အပါအ၀င် ပြဿနာ များစွာ ရင်ဆိုင်ကြုံတွေ့ နေရကြောင်း၊ ယင်း ပြဿနာ များကို ဖြေရှင်းရာတွင် အထူးသဖြင့် အိမ်နီးချင်း နိုင်ငံအချင်းချင်း ပူးပေါင်း ဆောင်ရွက်ရေးသည် ပိုမိုလိုအပ် ပါကြောင်း၊ မိမိခရီးစဉ်၏ ရည်ရွယ်ချက်မှာ မြန်မာ-တရုတ် နှစ်နိုင်ငံ မဟာ ဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး၊ နှစ်ဦးနှစ်ဖက် ပူးပေါင်း ဆောင်ရွက်ရေး တိုးမြှင့်ရန် ဖြစ်ကြောင်း ပြန်လည် ပြောကြား၍ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ် ဒေသလုံခြုံရေး၊ အကြမ်းဖက်မှု ကာကွယ် တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော် လုံခြုံရေး ၀န်ကြီးဌာန ၀န်ကြီးနှင့် အတူ တာဝန်ရှိသူများ တက်ရောက် ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော် လုံခြုံရေး ၀န်ကြီးဌာန ၀န်ကြီးတို့သည် လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ပြီး အဖွဲ့ဝင်များနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြသည်။

မြ၀တီနေ့စဉ်

No comments:

Post a Comment