Pages

Monday, July 4, 2016

မယ်နုအုတ်ကျောင်းအနီးတွင် ရေကာများ ဆောက်လုပ်နိုင်ပါက အင်းဝဒေသ ရေနစ်မြုပ်မှုမှ ကာကွယ်နိုင်မည်


အင်းဝခံတပ်

မန္တလေး ၊ ၄-၇-၂၀၁၆

အင်းဝဒေသသည် ဧရာဝတီမြစ် နှင့် ဒုဋ္ဌဝတီမြစ် တို့ ဖြတ်သန်း စီးဆင်းကြပြီး နှစ်စဉ် ရေများချိန် တွင် ရှေးဟောင်း ဒေသတစ်ခုလုံး ရေဝင်ရောက်မှု နှင့် ကြုံတွေ့ ရကြောင်း သိရသည်။ အင်းဝ ယဉ်ကျေးမှု ဒေသ ရေကြီးနစ်မြုပ်မှု မှ ကာကွယ်ရန် အတွက် နန်းမတော် မယ်နု အုတ်ကျောင်း အနီးတွင် ရေကာများ ဆောက်လုပ် နိုင်ရန် လိုကြောင်း ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန (မန္တလေး)မှ တာဝန် ရှိသူတစ်ဦးက ပြောပြသည်။

အင်းဝဒေသ ရေကြီးနစ်မြုပ် မှုမှ ကာကွယ်ရန် ကမ္ဘာ့ဘဏ် ချေးငွေဖြင့် ဆောင်ရွက်လျက် ရှိသော ဧရာဝတီမြစ်ဝှမ်း ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး ငါးနှစ် စီမံကိန်းတွင် မန္တလေး-ညောင်ဦး ရေလမ်း ကောင်းမွန်ရေး လမ်းပိုင်းတွင် ပါဝင်ပြီး ယာယီ အစီအမံအရ ရေကာတာ များ လုပ်ဆောင် သွားရန် ရှိကြောင်း သိရသည်။ အထူးသဖြင့် မယ်နု အုတ်ကျောင်း အနီးတွင် ရေကာ ဆောက်လုပ်ရန် ရှိပြီး ထိုသို့ ဆောင်ရွက်ပြီးပါက အင်းဝ ရှေးဟောင်း ဒေသကို အတန်အသင့် ကာကွယ် နိုင်မည် ဖြစ်ကြောင်း သိရသည်။

အင်းဝ ယဉ်ကျေးမှု နယ်မြေသည် မန္တလေးတိုင်း ဒေသကြီး တံတားဦး မြို့နယ်တွင် ရှိပြီး ဧရာဝတီမြစ် နှင့် ဒုဋ္ဌဝတီမြစ် ဆုံနေရာတွင် တည်ရှိသည်။ မြောက်ဘက် တွင် ဧရာဝတီမြစ်၊ အရှေ့ဘက်တွင် ဒုဋ္ဌဝတီမြစ် တို့ စီးဆင်းပြီး မြို့ရိုးအတွင်း ငွေဇင်ချောင်း သည် မြို့၏ အနောက် တောင်ဘက်မှ အရှေ့မြောက်သို့ စီးဆင်းသည်။ မြို့၏ အနောက်ဘက် ပိုင်းသည် အနိမ့်ပိုင်း ဖြစ်သဖြင့် ဧရာဝတီမြစ်ရေ တက်ချိန်တွင် ရေဝင်ရောက်ပြီး ဒေသခံများက စိုက်ပျိုးရေး အတွက် ရေသွင်းခြင်းများကြောင့် နှစ်စဉ် မိုးရာသီတွင် ရေဝပ်ဧရိယာ ဖြစ်ကာ ၄င်း ပတ်ဝန်းကျင်ရှိ ရှေးဟောင်း အဆောက်အအုံ များသည် ရေတိုက်စားမှု ဒဏ်ကို ခံစားရကြောင်း သိရသည်။ တောင်ဘက် ပိုင်းတွင်လည်း ဧရာဝတီမြစ် နှင့် နီးကပ်စွာ ရှိသဖြင့် မြို့ရိုးများ ရေတိုက်စားမှု ဒဏ်ခံရပြီး မြစ်ကြောင်းများသည် မြို့ရိုးနှင့် အလွန် နီးကပ်စွာ တည်ရှိကြောင်း သိရသည်။

အင်းဝ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွင် ၁၉၈၈ ခုနှစ် ၊ ၂ဝဝ၄ ခုနှစ် ၊ ၂ဝဝ၆ ခုနှစ် ၊ ၂ဝ၁၃ ခုနှစ် ၊ ၂ဝ၁၅ ခုနှစ်တို့တွင် မြစ်ရေ ကြီးခြင်းကြောင့် ရေဝင်ရောက်မှု များရှိကြောင်း သိရသည်။ ရေဘေးကြောင့် ရှေးဟောင်း အမွေအနှစ် များနှင့် ထိုဒေသ ပတ်ဝန်းကျင်ရှိ မြေမျက်နှာပြင် များပေါ် ရေလွှမ်းမိုး၍ ပျက်စီးခြင်း၊ မြစ်ရေ တိုက်စားခြင်းကြောင့် ဘုရား၊ ပုထိုးများ ပျက်စီး ဆုံးရှုံးခြင်း၊ မြေကျွံခြင်း၊ မြေပြိုခြင်း ကြောင့် ရေညှိ၊ ရေမှော်နှင့် သစ်ပင်ချုံနွယ်များ ပေါက်ရောက်ခြင်း၊ ဆားပွင့်တက်ခြင်း၊ အခြားသော ဓာတုဗေဒ ဆိုင်ရာ ဓာတ်ပြုခြင်း ကြောင့် ဆွေးမြည့် ပျက်စီးခြင်း၊ ခိုင်ခံ့မှု အားနည်း လာခြင်းတို့ ဖြစ်စေကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment