Pages

Thursday, July 28, 2016

ကလေးငယ်များ တုပ်ကွေးဖြစ်လာပါက ဆုံဆို့နာ မဖြစ်ပွားရေး တတ်ကျွမ်းသည့် ဆရာဝန်များဖြင့် ကုသရန်လို


ထားဝယ် ၊ ၂၈-၇-၂၀၁၆

ကလေးငယ်များ တုပ်ကွေး ဖြစ်ပွားလာ ပါက နောက်ဆက်တွဲ အဖြစ် ဆုံဆို့နာ မဖြစ်ပွား စေရေး မိဘများ အနေဖြင့် တတ်ကျွမ်းသည့် ကျန်းမာရေး ဝန်ထမ်းများဖြင့် ကုသရန် လိုအပ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ကျော်ဇေယျ ထံမှ သိရသည်။

ဆုံဆို့နာ ရောဂါမှာ လူနေ ထူထပ်ပြီး ကျန်းမာရေး ဝန်ထမ်း မလောက်ငသည့် ဒေသများနှင့် လူသူ အရောက် အပေါက်နည်းပြီး သွားလာရ ခက်ခဲသော ဒေသများတွင် အဖြစ်များလေ့ ရှိသည့်အပြင် ကာကွယ်ဆေး အကြိမ်ရေ ပြည့်မီအောင် မထိုးပါကလည်း ဖြစ်ပွား နိုင်ကြောင်း သိရသည်။

တစ်နှစ်အောက် ကလေးငယ်များ အတွက် ဆုံဆို့နာ ကာကွယ်ဆေး ကို နှစ်စဉ် ထိုးပေးလျက် ရှိနေပြီး မိဘများ အနေဖြင့်လည်း ကလေးများ ကာကွယ်ဆေး အကြိမ်ရေ ပြည့်မီအောင် ထိုးပေးနိုင်ရေး လုပ်ဆောင်ရန် လိုကြောင်း၊ သို့မှသာ ကလေးငယ် များတွင်  ဆုံဆို့နာ ဖြစ်ပွားမှုကို ထိရောက်စွာ ကာကွယ် နိုင်မည် ဖြစ်ကြောင်း ဒေါက်တာ ကျော်ဇေယျ ကပြောသည်။

ကလေးငယ်များတွင် တုပ်ကွေး ဖြစ်လာချိန် အတွင်း လည်ချောင်း နာခြင်း၊ လေပြွန်ရောင်ခြင်း ကဲ့သို့သော လက္ခဏာများ ဖြစ်ပေါ်တတ်ကာ တုပ်ကွေး ပျောက်သွားသည့် အချိန်တွင် အဆိုပါ လက္ခဏာများ မပျောက်ဘဲ ရက်ရှည် ဖြစ်လာပါက သက်ဆိုင်ရာ ကျွမ်းကျင် ကျန်းမာရေး ဝန်ထမ်းများနှင့် အချိန်မီ ပြသရန် လိုအပ်ပြီး သို့မဟုတ်ပါက ဆုံဆို့နာ ဖြစ်ပေါ်၍ အသက်ဆုံးရှုံး ရသည်အထိ ကြုံတွေ့ လာနိုင်ကြောင်း သိရသည်။

ဆုံဆို့နာ၊ ကြက်ညှာ၊ အတက်ရောဂါ ကာကွယ်ဆေး (DPT) ကို တစ်နှစ်အောက် ကလေးငယ် များတွက် နှစ်လသား တစ်ကြိမ်၊ လေးလသား တစ်ကြိမ်နှင့် ခြောက်လသား တစ်ကြိမ် သုံးကြိမ် ထိုးပေးလျက် ရှိနေပြီး မိဘများ ကလည်း အကြိမ်ရေ ပြည့်မီအောင် ထိုးပေးရန် လိုအပ်ကြောင်း နှင့် ကာကွယ်ဆေး ကို မြန်မာနိုင်ငံ အတွင်း ၁၉၈ဝ ပြည့်နှစ် ဝန်းကျင်မှ စတင်၍ အခမဲ့ ထိုးပေးလျက် ရှိကြောင်း သိရသည်။ (အမ်အမ်ကေ)

မြ၀တီနေ့စဉ် ၊ စာ(၇)

No comments:

Post a Comment