Pages

Thursday, June 2, 2016

ယခုပညာသင်နှစ်တွင် သူငယ်တန်း (KG) သင်ရိုးသစ်ကို စတင်သင်ကြား




ရန်ကုန် ၊ ၂-၆-၂၀၁၆

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် အတွက် ကျောင်းဖွင့်ရက် ကို ဇွန် ၁ ရက်ဟု သတ်မှတ်ခဲ့ရာ တစ်နိုင်ငံလုံး တွင်ရှိသော အခြေခံပညာ မူလတန်း၊ အလယ်တန်း နှင့် အထက်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစတင် တက်ရောက်လျက် ရှိပြီး ယခု ပညာသင်နှစ်၏ ထူးခြားချက်မှာ သူငယ်တန်း တွင် KG သင်ရိုးညွှန်းတမ်း အသစ်ကို စတင် သင်ကြားခြင်း ပင်ဖြစ်သည်။

သူငယ်တန်း အတွက် KG Kit သင်ထောက်ကူ ပစ္စည်းများကို ပညာရေး ဝန်ကြီးဌာနမှ တစ်ဆင့် အခြေခံပညာ ကျောင်းများသို့ ဖြန့်ဝေပေးခဲ့ရာ သင်ရိုး မာတိကာ၊ သင်ကြားမှုပုံစံ နည်းစနစ် များကို နွေရာသီ ကျောင်းပိတ်ရက် များအတွင်း ဆရာ၊ ဆရာမများ အား မွမ်းမံသင်တန်း ပို့ချပေးခဲ့ပြီး ဖြစ်သည်။

ယခု သင်ကြားပေးမည့် KG သင်ရိုးသစ်သည် ကလေးငယ် များ၏ ဉာဏ်ရည် ဖွံ့ဖြိုးမှုအတွက် အတွေးအခေါ်၊ ကိုယ်လက် လှုပ်ရှားမှု တို့ကို သင်ကြား ပေးမည်ဖြစ်သည့် အတွက် စာသင်ခန်း တစ်ခန်း၌ ကလေးငယ် ၄ဝ ဦးသာ ထားရှိသင်ကြား ပေးရမည် ဖြစ်ကြောင်း ဒဂုံမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းအုပ် ဦးအောင်ကိုကို က ပြောသည်။

KG သင်ရိုးသစ်တွင် ကဗျာရွတ်ချိန်၊ သီချင်းဆိုချိန်၊ ဆော့ကစားချိန် များကို ထည့်သွင်းထားပြီး ကျောင်းသားများ ပျော်ရွှင်စွာ ပညာသင်ကြား နိုင်ရန် ရည်ရွယ်ရေးဆွဲ ခဲ့ခြင်း ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူ များ၏ သင်ယူ တတ်မြောက်မှု အရည်အသွေး မြင့်မားစေရန် ဆရာ၊ ဆရာမများ ကျောင်းတက် မှန်ကန်ရေး၊ အတန်းဝင်ချိန် မှန်ကန်ရေးနှင့် နောက်ကျမှု မရှိစေရေး တို့ကို မိဘပြည်သူ များနှင့် ကျောင်းအုပ်များ၏ အကဲဖြတ် မှုဖြင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကြေညာချက် အရ သိရသည်။ 

ပညာရေး ကဏ္ဍတွင် ကျောင်းသား မိဘများ ပါဝင်ရန် ကျောင်းသားမိဘ များနှင့် တွေ့ဆုံကာ ကျောင်းသား၊ ကျောင်းသူများ၏ လိုအပ်ချက်ကို ဆွေးနွေးမှုများ လုပ်ဆောင် နေကြောင်း၊ ကျောင်းသားမိဘ များအနေဖြင့် ပညာရေး စနစ်၏ ပြုပြင် ပြောင်းလဲမှု ကဏ္ဍများကို သိရှိနိုင်စေရန် နှင့် ကလေးများ၏ ပညာရေး အခြေအနေ များကို အမြဲလေ့လာ နေရန် လိုအပ်ကြောင်း သိရသည်။ (၂ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment