Pages

Thursday, June 2, 2016

အဝေးသင်တက္ကသိုလ် တက်ရောက်နေသူ များတွင် သိပ္ပံဘာသာတွဲ ယူသူနည်းပါး



ရန်ကုန် ၊ ၂-၆-၂၀၁၆

အဝေးသင် တက္ကသိုလ်သို့ တက်ရောက် ပညာသင်ယူ ကြသော ကျောင်းသား၊ ကျောင်းသူ များတွင် ဝိဇ္ဇာဘာသာတွဲ ယူသူများပြားပြီး သိပ္ပံဘာသာတွဲ ယူသူ နည်းပါးနေကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်း က ပြောသည်။

နေ့စဉ် ကျောင်းတက်ရသူ များထဲတွင် သိပ္ပံဘာသာတွဲ ကို ယခင်သုံးနှစ်မှ ယခုလေးနှစ်သို့ ပြောင်းလဲချိန်တွင် အဝေးသင် တက္ကသိုလ် မှ သိပ္ပံဘာသာတွဲ ကျောင်းသား၊ ကျောင်းသူ များလည်း လေးနှစ်တာ ကာလအထိ ပညာ သင်ယူကြ ရသည်။ ဝိဇ္ဇာ ဘာသာတွဲမှာ စာမေးပွဲရက် မတိုင်မီ အနီးကပ် ၁ဝ ရက် သင်ကြားမှု ရှိသော်လည်း သိပ္ပံဘာသာတွဲ မှာ စနေ၊ တနင်္ဂနွေနေ့ တို့တွင် လက်တွေ့ လုပ်ဆောင်သော သင်ခန်းစာများ အပါအဝင် တစ်ပတ်ခြားစီ တက်ရောက် ရကြောင်း သိရသည်။

အဝေးသင် တက္ကသိုလ် တက်ရောက်သော ကျောင်းသား၊ ကျောင်းသူ အများစုသည် အလုပ်လုပ်ရင်း လုပ်ငန်းခွင် အသီးသီးမှ အနီးကပ်ကာလ နှင့် စာမေးပွဲကာလ ရက် ၂ဝ လောက်ခွင့်ယူ၍ အလုပ်တစ်ဖက် နှင့် ကျောင်းတက် ရောက်ရသဖြင့် လုပ်ငန်းရှင် အများစု ကလည်း သိပ္ပံဘာသာတွဲ ယူရန် စနေနေ့တိုင်း ခွင့်မပေး နိုင်သည့် အတွက် အဆင်ပြေသည့် ဝိဇ္ဇာတွဲသာ ယူကြရခြင်း ဖြစ်ကြောင်း သိရသည်။

ယခင်က လုပ်သားကောလိပ် များအဖြစ် ညကျောင်းများ ဖွင့်လှစ်ခဲ့ဖူး သော်လည်း ယခုနောက်ပိုင်း အဝေးသင် တက္ကသိုလ်များ ဖွင့်လှစ် လာချိန်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ကာ မိသားစု စားဝတ်နေရေး အရ အလုပ်လုပ်ရင်း ကျောင်းတက် လိုသော ကျောင်းသား၊ ကျောင်းသူများ အတွက် တချို့သော လုပ်ငန်းရှင် များက အနီးကပ် သင်တန်း တက်ရမည့် ကာလ ခွင့်ယူမည့် အပေါ် လစာ ဖြတ်တောက်ခြင်း၊ ခွင့်မပေးခြင်း တို့လည်း ရှိကြောင်း သိရသည်။

ထက်ခိုင် (စမ်းချောင်း)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment