Pages

Wednesday, June 1, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမေရိကန်ကွန်ဂရက် ၊ House Democracy Partnership ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမေရိကန် ကွန်ဂရက် ၊ House Democracy Partnership ဥက္ကဋ္ဌ Mr.Peter Roskam အား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၁-၆-၂၀၁၆

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အမေရိကန် ကွန်ဂရက်၊ House Democracy Partnership ဥက္ကဋ္ဌ Mr.Peter Roskam ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယမန်နေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန် ဧည့်ခန်းမဆောင် ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်သူ ရွေးချယ်သည့် ဒီမိုကရေစီ လမ်းကြောင်းတွင် ဒုတိယသက်တမ်း ကာလ အစိုးရအနေဖြင့် မှန်မှန်ကန်ကန် ဦးဆောင်သွား နိုင်ရန် တပ်မတော် အနေဖြင့် ကူညီ ဆောင်ရွက်ပေး နေမှု အခြေအနေများ၊ မြန်မာနိုင်ငံ လွှတ်တော်များ အတွင်း တပ်မတော်သား ကိုယ်စားလှယ် များအား ရွေးချယ် တာဝန်ပေးမှု၊ လွှတ်တော်အတွင်း လွတ်လပ်စွာ ဆွေးနွေး အကြံပြုနိုင်မှု ၊ သက်ဆိုင်ရာ လွှတ်တော်များ အတွက် အထောက်အကူ ပြုနိုင်မှု အခြေအနေနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်တွင် ဆက်လက် တည်ရှိနေမည့် အခြေအနေများ၊ နှစ်နိုင်ငံ လွှတ်တော်များ အကြား ပူးပေါင်း ဆောင်ရွက် နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များ နှင့် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး ဆိုင်ရာများတွင် တပ်မတော်မှ ပါဝင် ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံ နှင့် အိမ်နီးချင်း နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာ ဆက်ဆံရေး အခြေအနေ များနှင့် စပ်လျဉ်း၍ အမေရိကန် ကွန်ဂရက်မှ ကိုယ်စားလှယ် အဖွဲ့ဝင်များ၏ မေးမြန်းမှုများ အပေါ် ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် အမြင်ချင်း ဖလှယ် ဆွေးနွေး ခဲ့ကြသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီး များ တက်ရောက်ကြပြီး Mr. Peter Roskam နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E.Mr. Scot Marciel နှင့် အမေရိကန် ကွန်ဂရက်မှ ကိုယ်စားလှယ်များ တက်ရောက်ကြကာ တွေ့ဆုံပွဲ အပြီးတွင် အမှတ် တရ လက်ဆောင် ပစ္စည်းများ ပေးအပ်၍ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြ ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment