Pages

Wednesday, June 1, 2016

လူနေထူထပ်သည့် မြို့ကြီးများ၌ လေထုနှင့် ရေအရည်အသွေး တိုင်းတာသည့် စက်ကိရိယာများဖြင့် တိုင်းတာခြင်း ခုနစ်လကြာ ဆောင်ရွက်မည်



ရန်ကုန် ၊ ၁-၆-၂၀၁၆

ပတ်ဝန်းကျင် ဆိုင်ရာ အခြေခံ အချက်အလက်များ ရရှိရန် ညစ်ညမ်းမှု အခြေအနေကို လေ့လာ သုံးသပ်မည့် ကနဦး စီမံချက်အဖြစ် နေပြည်တော် အနီးတစ်ဝိုက် အပြင် လူနေထူထပ် သည့် မြို့ကြီးများ၌ လေထုနှင့် ရေအရည်အသွေး တိုင်းတာသည့် စက်ကိရိယာ များဖြင့် တိုင်းတာခြင်းကို ခုနစ်လကြာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

''တိုင်းတာရေး လုပ်ငန်းတွေကို တစ်လမှာ လေးကြိမ် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ IEE, EIA, EMP ရေးသားပြုစုမယ့် တတိယ အဖွဲ့အစည်းတွေ အနေနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှာ မှတ်ပုံတင် နိုင်ရေးအတွက် အကြံပေး လုပ်ကိုင်သူ တွေကို လုပ်ငန်းလိုင်စင် ထုတ်ပေးဖို့ JICA အကူအညီနဲ့ စည်းမျဉ်း စည်းကမ်း ရေးဆွဲနေပါတယ်။ လုပ်ငန်းလိုင်စင် တွေကို မကြာမီ ထုတ်ပေးမှာ ဖြစ်ပါတယ်'' ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ ခေတ္တ ညွှန်ကြား ရေးမှူးချုပ် ဦးလှမောင်သိန်း က ပြောသည်။

ထို့ပြင် ပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်စေရေးနှင့် လျော့နည်းရေး အတွက် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်း များကို အချိန်ကာလနှင့် နေရာဒေသ အလိုက် ဖြည့်စွက်ပြင်ဆင် သတ်မှတ်သွား မည် ဖြစ်သည်။ 

မြို့ကြီးများရှိ လူနေထူထပ်၍ ယာဉ်အသွားအလာ များသော နေရာများ၊ ပြည်သူများ အသုံးပြုလျက် ရှိသည့် ရေအရင်းအမြစ် နှင့် စွန့်ပစ်ရေ ထွက်ရှိသည့် နေရာများ၌ လေထုနှင့် ရေအရည်အသွေး တိုင်းတာသော စက်ကိရိယာ များဖြင့် တိုင်းတာခြင်းကို မေလ နောက်ဆုံးပတ် မှစ၍ ဒီဇင်ဘာလ အထိ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့်အညီ အမျိုးသား အဆင့် ပတ်ဝန်းကျင် အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက် များကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က ထုတ်ပြန်ခဲ့ပြီး ကနဦး ပတ်ဝန်းကျင် ဆန်းစစ်ခြင်း၊ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း နှင့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်များ ရေးဆွဲခြင်း တို့ကို သတ်မှတ်ထားပြီး ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment