Pages

Thursday, June 30, 2016

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးကဏ္ဍ တိုးတက်ရန် ရေကြောင်းခရီးစဉ်များတိုးချဲ့ ပြေးဆွဲမည်



ရန်ကုန် ၊ ၃၀-၆-၂၀၁၆

ရေကြောင်း ပို့ဆောင်ရေး ကဏ္ဍသည် သယ်ယူ ပို့ဆောင်မှုစရိတ် အသက်သာဆုံး နှင့် ကုန်ပစ္စည်း များကို တစ်ကြိမ် တစ်ခါတည်းနှင့် အများအပြား သယ်ယူနိုင်သည့် အတွက် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်ရန် ရေကြောင်း ခရီးစဉ်များကို တိုးချဲ့ ပြေးဆွဲမည် ဖြစ်ကြောင်း ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးမှ ဦးအောင်သန်းမြိုင် က ပြောသည်။

ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး အနေဖြင့် မြစ်ဝကျွန်းပေါ် ခရီးစဉ်တွင် ဧရာဝတီမြစ် နှင့် မြစ်လက်တက် များ၌ရှိသည့် လပွတ္တာ၊ မြောင်းမြ၊ ပုသိမ်၊ ဘိုကလေး နှင့် မော်ကျွန်း ခရီးစဉ်များ၊ ဧရာဝတီ ဌာနခွဲ၌ မန္တလေး မှဗန်းမော်အထိ ခရီးစဉ်၊ ချင်းတွင်းဌာန ခွဲ၌ မုံရွာမြို့မှ ကလေးဝ၊ ဟုမ္မလင်း ခရီးစဉ်များ နှင့် သံလွင်ဌာနခွဲ  ၌ မော်လမြိုင်မှ ဘီလူးကျွန်း၊ နမ့်မော် စသည့် ခရီးစဉ်တို့ကို ဌာနခွဲ ခြောက်ခုနှင့် သယ်ယူပို့ဆောင် ပေးနေကြောင်း သိရသည်။

ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးတွင် လက်ရှိပြေးဆွဲ နေသည့် ရေယာဉ် ၁၇၈ စင်း၊ စက်မဲ့တွဲယာဉ် အဖြစ် အသုံးပြု နေသည့် ဆိပ်ခံရေယာဉ် ၁၆၁ စင်းဖြင့် ပြေးဆွဲ အသုံးပြုလျက် ရှိပြီး ၂ဝ၁၄ ခုနှစ်က ဂျပန်နိုင်ငံမှ အသစ်ရောက်ရှိ လာသည့် ချယ်ရီ ရေယာဉ် သုံးစင်းကို ပန်းဆိုးတန်း-ဒလ သယ်ယူ ပို့ဆောင်ရေး တွင် ပြေးဆွဲ ပေးလျက် ရှိသည်။

''ရေကြောင်း သွားလာရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် ခေတ်မီတဲ့ ရေယာဉ်တွေရဲ့ စွမ်းအားအပြည့်နဲ့ ပြေးဆွဲနိုင်ဖို့ စဉ်းစားရမယ်။ အိုဟောင်းနေတဲ့ ရေယာဉ်တွေနဲ့ ပြေးဆွဲမယ်ဆိုရင် ခရီးစဉ် တစ်ခုကို ရောက်ဖို့
အချိန်ကြန့်ကြာ တာနဲ့ ကုန်ပစ္စည်းကို အပြည့်အဝ မတင်ဆောင် နိုင်ဘူးဆိုရင် ဖွံ့ဖြိုးမှု အားနည်းပါတယ်။ ဒါကြောင့် ရေယာဉ် အသစ်တွေနဲ့ အစားထိုး ပြေးဆွဲမယ်'' ဟု ၄င်းက ပြောသည်။

ပြည်တွင်းရေကြောင်း ဖွံ့ဖြိုး တိုးတက်လာ စေရန် ရေကြောင်း ခရီးစဉ်များကို တိုးချဲ့ပြေးဆွဲ သွားမည် ဖြစ်သော်လည်း လက်ရှိ ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေးတွင် ခရီးသည် ရရှိမှုနှင့် ကုန်ပစ္စည်းရရှိမှု အားနည်းနေ သည့်အတွက် ခရီးစဉ်တချို့ကို ခေတ္တရပ် ဆိုင်း ရကြောင်း၊ ရေကြောင်း ပို့ဆောင်ရေး အနေဖြင့် ယခင်ကထက် တိုးတက်မှုများ လျော့နည်း လာခြင်းကြောင့် ပြန်လည်ဖွံ့ဖြိုး တိုးတက်ရန်၊ ရေလမ်းကြောင်း များ ပို၍ အန္တရာယ် ကင်းရှင်းစေရန် နှင့် ခေတ်ကာလ နှင့် လိုက်လျော ညီထွေသည့် ရေယာဉ်များ ရရှိရန် လိုအပ်မည် ဖြစ်ကြောင်း သိရသည်။ (ဆုလာဘ်)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment