Pages

Thursday, June 30, 2016

ရန်ကုန်မြို့ပတ်လမ်းပိုင်း အဆင့်မြှင့်တင် ပြုပြင်ခြင်းလုပ်ငန်းများ သုံးနှစ်အတွင်း အပြီးဆောင်ရွက်ရန် ထိခိုက်နစ်နာနိုင်မည့် အိမ်ရာများစာရင်း ဇူလိုင်လအပြီး ကောက်ယူမည်



ရန်ကုန် ၊ ၃၀-၆-၂၀၁၆

မြန်မာ့မီးရထား နှင့် ဂျပန် အပြည်ပြည် ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ JICA တို့ပူးပေါင်း၍ မြို့ပတ်လမ်းပိုင်း ရှိ သံလမ်းနှင့် တွဲဆိုင်း အပါအဝင် အဆင့် မြှင့်တင်ပြုပြင်ခြင်း လုပ်ငန်းများကို သုံးနှစ်အတွင်း အပြီး ဆောင်ရွက်မည် ဖြစ်ပြီး အမေရိကန် ဒေါ်လာ သန်း ၂ဝဝ ခန့် ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။

''ဒီစီမံကိန်း အတွက် ၂ဝ၁၅ ခုနှစ် သြဂုတ်လ ကတည်းက JICA နဲ့ ကတိကဝတ်ပြု ထားတာပါ။ လက်ရှိမှာတော့ ကွင်းဆင်း ဆောင်ရွက်မှုတွေ လုပ်နေပါတယ်'' ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ စီမံကိန်းအရ ရထားသံလမ်း များကို အဆင့်မြှင့်တင်၍ ပြောင်းလဲ တပ်ဆင်ခြင်း၊ တွဲဆိုင်း အဟောင်းများကို DMU (Diesel Multiple Unit) အမျိုးအစား ရထားတွဲဆိုင်း များဖြင့် ပြောင်းလဲ ပြေးဆွဲခြင်း၊ မြို့ပတ်ရထားပြေးဆွဲမှု ခရီးစဉ် တစ်လျှောက်ရှိ ရထားလမ်း ကူးခုံးကျော် တံတား ၁ဝ ခုကို ပြန်လည်ပြုပြင် တည်ဆောက်ခြင်း၊ ရထားနှင့် ကားလမ်းကူး လမ်းဆုံရှိ ဂိတ်အဖွင့် ၂၁ ခုကို အလိုအလျောက် ဆောင်ရွက် နိုင်သည့် အော်တိုဂိတ် များအဖြစ် ပြောင်းလဲ ဆောင်ရွက်ခြင်း၊ ကြည့်မြင်တိုင်၊ တညင်းကုန်း၊ အင်းစိန်၊ မင်္ဂလာဒုံနှင့် ပုရွက်ဆိတ်ကုန်း ဘူတာများကို အဆင့်မြှင့်တင် ပြုပြင်ခြင်းများ ပြုလုပ်သွားမည် ဖြစ်သည်။

ထိုသို့ မြို့ပတ်ရထား လမ်းပိုင်းများ အဆင့် မြှင့်တင်ရာတွင် ထိခိုက်နစ်နာ နိုင်မည့် အိမ်ရာစာရင်း များကို ဇူလိုင်လတွင် အပြီးသတ် ကောက်ယူသွားရန် ရှိပြီး မြို့ပတ် ရထားလမ်း စင်္ကြံတစ်လျှောက် စီမံကိန်းနှင့် မလွတ် ကင်းသည့် ဝန်ထမ်းအိမ်ရာ၊ ဝန်ထမ်း မဟုတ်သည့် အိမ်နှင့် ဘိုးဘွား လက်ထက် နေထိုင်သည့်အိမ် ဟုတ်၊ မဟုတ်၊ ကျူးကျော် ဆောက်လုပ် နေထိုင်ခြင်း ဟုတ်၊ မဟုတ်တို့ကို အပြီးသတ် စာရင်းကောက်ယူ သွားမည် ဖြစ်သည်။ 

ကနဦး ကောက်ယူမှု စာရင်းများ အရ ရထားလမ်းနှင့် ၁၅ ပေ မလွတ်ကင်းသော အိမ်ရာခုနစ်လုံး ရှိပြီး ကံဘဲ့နှင့် ဘောက်ထော် တို့တွင် ဝန်ထမ်းအိမ်ရာ ၁၉ လုံး ဆောက်လုပ် ပေးသွားရန် ရှိသည်။ မြို့ပတ် ရထားလမ်းပိုင်း အဆင့် မြှင့်တင်ရေး စီမံကိန်းသည် ရန်ကုန် ဘူတာကြီး အနောက် ဘက်ခြမ်းမှ စတင်၍ တညင်းကုန်း ဘူတာကိုဖြတ်ကာ ပုဇွန်တောင် ဘူတာကြား အထိ စုစုပေါင်း ၄၄ ကီလိုမီတာ ရှည်သည်။

ယင်း စီမံကိန်း ဧရိယာအတွင်း ပါဝင်သည့် ဝန်ထမ်းအိမ်ရာ များမှာ ကျောက်ရေတွင်း နှင့် တံတားလေး ဘူတာကြား နှစ်လုံး၊ ကျောက်ရေတွင်း နှင့် တံတားလေး ဘူတာကြား ဝန်ထမ်းအိမ်ရာ နှစ်လုံးနှင့် ဝန်ထမ်းအိမ်ရာ မဟုတ်သော အိမ်များမှာ အင်းစိန်နှင့် ရွာမဘူတာကြား အိမ်နှစ်လုံး၊ တံတားလေးနှင့် ရေကူးဘူတာကြား ဆိုင်တစ်ဆိုင်၊ ကံဘဲ့နှင့် ဘောက်ထော် ဘူတာကြား ဆိုင်တစ်ဆိုင်၊ အင်းစိန်နှင့် ရွာမဘူတာ ကြား ဆိုင်တစ်ဆိုင် အပြင် အငှားစိုက်ခင်း နှစ်ခင်း အပါအဝင် စုစုပေါင်း ၁၂ ကွက် ရှိကြောင်း သိရသည်။ H.O ၊ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment