Pages

Friday, June 3, 2016

နှစ်စဉ် ကလေးငယ်သေဆုံးမှု၏ သုံးပုံတစ်ပုံ ခန့်မှာ ကြိုတင်ကာကွယ်၍ရသော ရောဂါများကြောင့်ဖြစ်


ရန်ကုန် ၊ ၃-၆-၂၀၁၆

မြန်မာနိုင်ငံ၌ နှစ်စဉ် ကလေးငယ်ပေါင်း ၄၄ဝဝဝ နီးပါး သေဆုံးနေပြီး သုံးပုံတစ်ပုံ ခန့်မှာ ကြိုတင် ကာကွယ်၍ ရသော ရောဂါများကြောင့် သေဆုံးနေကြောင်း သိရသည်။

ကလေးငယ် လေးဦးလျှင် တစ်ဦးနှုန်းသာ မိခင်နို့ တစ်မျိုးတည်းကို အသက်ခြောက်လ ပြည့်သည်အထိ တိုက်ကျွေးခြင်း ဖြစ်ပြီး အများစုမှာ မသန့်ရှင်းသည့် လက်များဖြင့် နို့ချို တိုက်ကျွေးခြင်း၊ မသန့်ရှင်းသည့် ရေဖြင့် နို့မှုန့်ဖျော်ခြင်း နှင့် ဗီတာမင် ချို့တဲ့ခြင်း စသည့် အကြောင်းရင်း များကြောင့် သေဆုံးရခြင်း ဖြစ်ကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ်တွင် Alive & Thrive အဖွဲ့နှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်သော သုတေသနသစ် အရ မြန်မာနိုင်ငံရှိ မိခင်အားလုံး နီးပါးသည် မိခင်နို့ တိုက်ကျွေးကြ သော်လည်း အသက်ခြောက်လ ပြည့်သည်အထိ မိခင်နို့ တစ်မျိုးတည်း တိုက်ကျွေးသည့် အရေအတွက် မှာ ၂၄ ရာခိုင်နှုန်းသာ ရှိပြီး ကမ္ဘာလုံးဆိုင်ရာ လျာထားချက် ဖြစ်သော ၅ဝ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက နည်းပါး နေကြောင်း သိရသည်။

ထိုသို့ အသက်ခြောက်လ ပြည့်သည်အထိ မိခင်နို့ တစ်မျိုးတည်း တိုက်ကျွေးမှုနှုန်း နည်းပါးခြင်းသည် လူ့သက်တမ်းနှင့် ဘဝ အရည်အသွေး များတွင် ဆုံးရှုံးနစ်နာမှု ဖြစ်ပေါ်စေခြင်း၊ ဝင်ငွေရ စီးပွားရေးသို့ အသွင် ကူးပြောင်း ရာတွင်လည်း မြန်မာနိုင်ငံ၏ စွမ်းဆောင်ရည် အား အဟန့်အတား ဖြစ်ခြင်း စသည့် အကျိုး သက်ရောက်မှုများ ဖြစ်ပေါ် စေနိုင်ကြောင်း ကလေး အထူးကု ဆရာဝန်ကြီး များက သုံးသပ် ထားကြသည်။

မိခင်နို့ကို မှန်ကန် ကောင်းမွန်စွာ တိုက်ကျွေးခြင်း ဖြင့် နှစ်စဉ် ကလေးငယ် ဦးရေ ၁၆၃၆ ဦးအသက်ကို ကယ်တင်နိုင်၍ ငါးနှစ်အောက် ကလေးငယ် သေဆုံးနှုန်း လျော့ကျသွားခြင်း၊ ကျန်းမာရေး အသုံးစရိတ်တွင် အမေရိကန် ဒေါ်လာ ၃၃၈ဝဝဝဝ သက်သာ စေနိုင်ခြင်း၊ ဝမ်းပျက်ဝမ်းလျှော နှင့် အဆုတ်ရောင် အအေးမိ ရောဂါ ကုသစရိတ်များ လျှော့ချနိုင်ခြင်း အပြင် နို့မှုန့်ဝယ်ယူရန် မလိုအပ် ခြင်းကြောင့် လစဉ်ဝင်ငွေ၏ ၃၂ ဒသမ ၄ ရာခိုင်နှုန်း သက်သာ စေနိုင်ကြောင်း သုတေသန သစ်၌ ဖော်ပြထားသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment