Pages

Monday, June 6, 2016

ဆွဲဆောင်မှုရှိတဲ့ အပြုံးလှလှမျိုး ပိုင်ဆိုင်ချင်ပါသလား


ဒေါက်တာ အေးမင်းထူး

အပြုံး၊ အပြုံးလေးတွေက သိပ်အရေးကြီးတယ်။ ဘယ်အချိန် မျိုးမှာ ပိုသိသာလဲဆိုတော့ ဓာတ်ပုံရိုက်တဲ့ အခါ ပိုသိသာတယ်။ ဒီရက်ပိုင်း ဝတ္ထုကြော်ငြာ အတွက် ဓာတ်ပုံလေး တွေရိုက်ဖြစ်တယ်။ နေရာစုံ သွားရိုက်ပေမယ့် အခုချိန်ထိ စိတ်တိုင်းက မကျနိုင်ဘူး။ စိတ်တိုင်း မကျတာလဲ အပြစ်တော့ မပြောသာဘူး။ ကိုယ်က နဂိုကတည်းက သိပ်ပြုံးတတ်တဲ့ သူထဲမှာမပါဘူး။ ပို့စ်မပေးတတ်ဘူး။ မော်ဒယ် သင်တန်းဆို ဝေလာဝေး။  အဲဒီလိုသင်တန်း မတက်ဘူးတော့ အမူအရာ လုပ်ရတာခက်တယ်။ အမူအရာ ကောင်းပြန်တော့ မျက်နှာထားက သေနေပြန်ရော။ နောက်ဆုံး ကောက်ချက်ချ ကြည့်တော့ မပြုံးတတ်လို့ ဆိုတာ နားလည်လာတယ်။

ဆေးကျောင်း နောက်ဆုံးနှစ်မှာ လူနာကြည့်ရင်း အထူးကု ဆရာဝန်ကြီး တစ်ယောက် ပြောဖူးတာ အမှတ်ရသေးတယ်။ ဆရာနဲ့ ကိုယ်က Type နည်းနည်း တူတယ်။ သူဘာပြောလဲ ဆိုတော့ ''မပြုံးမရယ် ခပ်တည်တည် ဆက်ဆံတတ်တဲ့ သူတွေက လူမှန်တွေ များတယ်။ မင်း အပြစ်မပြောနဲ့။ အဲဒီလိုလူတွေက ကိုယ်လုပ်စရာ ရှိတာလုပ်တယ်။ သူများကို ဂရုမစိုက်ဘူး။ နောက်ပြီး တချို့လူတွေ ပြုံးတယ်ဆိုတာ ကိုယ်ကမှားနေလို့ မျက်နှာချိုသွေး ပြုံးရတာ များတယ်။ အမှား မလုပ်တဲ့သူတွေက ဘယ်တော့မှ မပြုံးကြဘူး။ တကယ့်လူမှန် တွေကွ'' ဆိုပြီး လက်မ ထောင်ပြတယ်။ အဲဒီတုန်း ကတော့ သဘောကျ လွန်းလို့ငါကွ . . လို့တောင် စိတ်ထဲက အောက်မေ့မိသေး။ 

နောက်ငါးနှစ် လောက်ကြာမှ သေချာ ပြန်တွေးကြည့် ပြန်တော့ သူပြောတာ အားလုံး အမှန်ချည်းပဲ မဟုတ်ပြန်ဘူး။ တချို့က တကယ့်စိတ်ရင်း စေတနာနဲ့ ပြုံးတာတွေ ရှိပါလားလို့ သဘောပေါက် လာတယ်။

တကယ့် နှစ်နှစ်ကာကာ ပြုံးတဲ့သူတွေ တွေ့ဖူးတယ်။ သူတို့အနား ရောက်သွားရင်ကို အရာရာ နွေးထွေးလုံခြုံ သွားသလို ခံစားရတာ။ တချို့လူနာလေးတွေ မျက်နှာ သိပ်ချိုတယ်။ မြင်လိုက်ရင် သဘောကျ စရာ ကောင်းလိုက် တာလို့ စိတ်ထဲက တွေးမိတဲ့ထိပဲ။ ကမ္ဘာကြီးတောင် သာယာသွား သလိုလို။ အပြုံးက ဖြစ်လာတဲ့ ကျေနပ်စိတ်၊ ပီတိစိတ်ကို ခံစားဖူးသူတွေသာ သိကြမယ်။ အဲဒါနဲ့ ပတ်သတ်လို့ ဆေးခန်းက တကယ့် အဖြစ်ပျက်လေး တစ်ခုကို အခုထွက်မယ့် ဝတ္ထုထဲမှာ ဇာတ်ကွက်တစ်ခု အနေနဲ့ ထည့်ရေးထားမိ သေးတယ်။ အမှန်တော့ မရည်ရွယ်ဘဲ ထည့်ရေး လိုက်မိတာ။ ကိုယ်ခံစားမိသလို သူများလဲ ခံစားမိပါစေ ဆိုတဲ့ ရည်ရွယ်ချက် နဲ့ပါ။ ဆိုလိုချင်တာက အပြုံးတစ်ခုက ဘယ်လောက် တန်ဖိုးကြီးသလဲ။ ဘယ်လောက် နှစ်လိုဖွယ် ကောင်းလဲ ဆိုတာပါ။

ဒီတော့ လူတစ်ဖက်သား စိတ်ဝင်စားအောင် ဘယ်လိုပြုံးကြ မလဲ။ စိတ်ပညာရှင် တချို့က အကြံပေး ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြ လိုက်ပါတဲ့။ ပြောတာတော့ လွယ်လိုက်တာ။ နှစ်နှစ်ခြိုက်ခြိုက် ဆိုတာ ဘာကို ဆိုလိုတာလဲ။ 

သွား ၃၂ ချောင်းလုံး ပေါ်အောင် ပြုံးခိုင်းတာလား။ မဟုတ်ဘူး။ တကယ်က စိတ်ရောကိုယ်ပါ နွေးနွေးထွေးထွေး ပြုံးခိုင်းတာကို ဆိုလိုတာ။ အပြုံးဆိုတာနဲ့ လူတော်တော် များများက နှုတ်ခမ်းကို သတိရတယ်။ ပါးစပ်ကြီးဖြဲ ပြုံးရမယ်ထင်တာ။ နွေးထွေးတဲ့ အပြုံးမှာ မျက်လုံးက အဓိကကျတယ်။ ကြည်နူးစိတ်လေး ထားပြီး ကြည့်ရင် မျက်လုံးက အလိုလို နူးညံ့လာတယ်။ ပြုံးယောင်သန်း လာတယ်။ ဒီအပြုံးတွေက ဆန့်ကျင်ဘက် လူတိုင်းကို ဆွဲဆောင်နိုင်တယ်။ နှစ်လိုဖွယ် ကောင်းတဲ့ အပြုံးတိုင်းမှာ ပါးနှစ်ဖက်က ပုံမှန်ထက် အပေါ်ကို နည်းနည်း ရောက်တယ်။ မယုံရင် ကိုယ်နှစ်သက်တဲ့ ပုံလေးတွေကို သတိထားကြည့်။ ဒီအချက်ကို သတိပြုမိလိမ့်မယ်။

အပြုံးနှစ်မျိုး ရှိတယ်။ Social smile နဲ့ Sexy smile တဲ့။ Social smile မှာ သွားပေါ် နေပေမယ့် Sexy smile မှာ သွားမပေါ်ဘူး။ Sexy smile က နှုတ်ခမ်းတစ်ဖက် ထဲမှာ နှုတ်ခမ်းတွန့်ရုံ မခို့တရို့ပြုံးတယ်။ Social smile က နှစ်ဖက်လုံး အားပါးတရ ပြုံးတယ်။ ညီညာနေမယ်။ မျက်လုံးနည်းနည်း မှေးမယ်။ မျက်ခုံးကွေး နေမယ်။ တကယ် တမ်းကျတော့ ပြုံးတဲ့အခါ Sexy ကျဖို့မလိုဘူး။ Social ထက်လဲ နွေးထွေး နေရမယ်။ ဖြူစင်နေရမယ်။ Warm smile ခေါ်တယ်။ အဲဒီလို အပြုံးပိုင်ရှင်လေး တွေကို အမျိုးသား၊ အမျိုးသမီး တွေ့မြင် သူတိုင်းက ချစ်ခင်မြတ်နိုး ကြတယ်။ တန်ဖိုးထား ကြတယ်။

ပြုံးတဲ့အခါ ဘယ်အပြုံးက စိတ်ဝင်စားဖို့ ကောင်းလဲ။ မိန်းကလေး နှစ်ယောက်ကို ဥပမာထား ကြည့်ရအောင် သင့်ရှေ့မှာ အလွန်လှတဲ့ မိန်းကလေး နှစ်ယောက် ဖြတ်လျှောက်သွားလို့ ကြည့်နေတယ် ဆိုကြပါစို့။ ပထမ မိန်းကလေး တစ်ယောက်က သမင်လည်ပြန် လှည့်ကြည့်ပြီး ခပ်မြန်မြန် ပြုံးပြမယ်။ နောက်တစ်ယောက် က အသာ လှမ်းကြည့်ပြီး ဣနြေ္ဒရရ ဖြည်းဖြည်းချင်း ပြုံးပြမယ်။ ဘယ်အပြုံးက ဆွဲဆောင်မှု ရှိပြီးနှစ်လိုဖွယ် ကောင်းမယ်ထင်လဲ။

ပထမမိန်းကလေး အပြုံးက ၀တ်ကျေ တမ်းကျေ အပြုံးမျိုး ဖြစ်တယ်။ ခပ်မြန်မြန်ပဲ ပြုံးတာကိုး။ ဒုတိယမိန်းကလေး အပြုံးကျတော့ ဂရုစိုက်တဲ့ အပြုံး။ အလေးထားတဲ့ အပြုံး။ တစ်ပါးသူကို တန်ဖိုးထားတဲ့ အပြုံး။ အဲဒီလိုအပြုံး မျိုးက ဆွဲဆောင်မှုရှိတယ်။ လူတိုင်း သဘောကျတယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်ကို ဂရုစိုက်တာကိုး။ လူတိုင်းကိုယ့်ကို ဂရုစိုက်တာ လိုချင်ကြတယ်။ ကိုယ့်ကို ဂရုစိုက် စေချင်တဲ့သူ အနေနဲ့ သူတစ်ပါးကိုလဲ ဂရုတစိုက် ပြုံးပြတတ်ဖို့ လိုတယ်ဆိုတာ သတိပြု သင့်တယ်။ ပြုံးတဲ့အခါ စိတ်ရောကိုယ်ပါ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်ပါ။ အပြုံးထဲမှာပါတဲ့ မေတ္တာဓာတ်က ကိုယ့်ချစ်သူကို သာမဟုတ်၊ ပတ်ဝန်းကျင်က လူတွေတောင် အုပ်စိုးမိ စေတယ်။ ခံစားတတ် စေတယ်။ 

အပြုံးလှလှရဲ့ တန်ဖိုးက အရမ်းကြီးတယ်။ အထက်မှာ ဖော်ပြခဲ့သလို ဝတ္ထု၊ ဇာတ်လမ်းတွေထိ ပါလာနိုင်တယ်။ ဒါပေမဲ့ လူတိုင်းကို တွေ့တွေ့ချင်း ပြုံးပြရမှာတော့ မဟုတ်ဘူး။ အရင် မျက်လုံးချင်း ဆုံအောင်လုပ်ပြီး သူ့ကို အာရုံစိုက်ပါ။ မျက်လုံးချင်း ဆုံရင် နှစ်လိုဖွယ် ကောင်းအောင် ဖြည်းဖြည်းချင်း ပြုံးပြပါ။ သင့်အပြုံးက နှစ်လိုဖွယ် ကောင်းရင် တစ်ဖက်က အလိုလိုပြန်ပြုံး လာလိမ့်မယ်။ Non-verbal Manner စကားမလိုတဲ့ အမူအရာမျိုး ဖြစ်တယ်။ 

ဒီအမူအရာ မျိုးက မရင်းနှီးတဲ့ တစိမ်း တစ်ယောက်ကို ရင်းနှီး လာစေတယ်။ စိတ်ချင်းနီးစပ် သလို ခံစားရပြီး ကိုယ့်အပေါ် ယုံကြည် လာတယ်။ နောက်အားကိုး လာလိမ့်မယ်။ စာရေးသူ ကိုယ်တိုင် နိုင်ငံခြားသား လူနာတွေနဲ့ စကား ပြောတဲ့အခါ ဒီအတိုင်း ကျင့်ကြံတယ်။ ရလဒ်က သိပ်ထိရောက်တယ်။ နောက်ပိုင်း စကားပြောရတာ လွယ်လာတယ်။ တကယ်တော့ ကိုယ့်ကို ချစ်တဲ့စိတ် အခံလေးရှိရင် ပြောသမျှက စိတ်ဝင်စားစရာ တွေချည်း မဟုတ်လား။ လူတစ်ယောက်နဲ့ တစ်ယောက် စတွေ့ သိကျွမ်းတဲ့ အခါ အမူအရာတွေက စကားလုံး တွေထက် ပိုတန်ဖိုးရှိတယ်။ ဒီ အလေ့အကျင့် မျိုးကို လူတိုင်း လုပ်သင့်တယ်။ ပေါင်းသင်း ဆက်ဆံရေးမှာ သာမက ဘဝမှာပါ အောင်မြင် လာစေတယ်။ ဆွဲဆောင်မှု ရှိတဲ့ အပြုံးမျိုး ဖြစ်အောင် လေ့ကျင့်လို့ ရလား။ ရပါတယ်။ သိပ်မခက်ပါဘူး။ တစ်ဆင့်ချင်း ကျင့်ရုံပဲ။ 

  • နံပါတ်တစ် - စိတ်ကို ပျော်အောင် အရင်ထား၊ အရာရာကို ကြည်နူးစိတ်လေး ခဏထားလိုက်။
  • နံပါတ်နှစ် - မျက်လုံးကို အသက်ဝင်ဝင် ပြုံးကြည့်လိုက်ပါ။ အဲဒီအခါ မျက်လုံးနည်းနည်း မှေးလိမ့်မယ်။
  • နံပါတ်သုံး - နောက်ဆုံးမှ ပါးစပ်ကို မဟတဟလေး ပြုံးရတယ်။ ဒီအချိန်မှာ ပါးပြင်နှစ်ဖက်က သူ့အလိုလို အပေါ်တက် လာလိမ့်မယ်။ 


ဒီတိုင်း မှန်ရှေ့မှာ မကြာခဏ ကျင့်ရုံနဲ့ မကြာခင် ပတ်ဝန်းကျင်က သင့်အပေါ် စိတ်ဝင်စား လာပြီး တစ်ပါးသူ အပေါ် လွှမ်းမိုး လာနိုင်လိမ့်မယ်။ ကဲ...အခုပဲ ဆွဲဆောင်မှုရှိတဲ့ အပြုံးလှလှ လေးတွေ လေ့ကျင့်ပြီး ပြုံးကြည့် ရအောင်။

ရတနာပုံနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment