Pages

Wednesday, June 22, 2016

ဒေသခံလူငယ်များ အန္တရာယ်ကင်းစေရန် လိုက်ပါကူညီ ဆောင်ရွက်ပေးနေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို နှောင့်ယှက်သူများက ရန်စထိုးကြိမ် သေနတ်လုယူမှုကြောင့် ကျည်ပေါက်ထွက်မှု ဖြစ်ပွား


မြစ်ကြီးနားမြို့ ဗလမင်းထင်တံတား အနီး၌ နှောင့်ယှက်ခံရသည့် ဒေသခံ လူငယ်များကို အဖြစ်မှန် စစ်ဆေး မေးမြန်းစဉ်

နေပြည်တော် ၊ ၂၂-၆-၂၀၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဗလမင်းထင်တံတား အနီး၌ ဇွန် ၂ဝ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် တံတားလုံခြုံရေး ယူထားသော လုံခြုံရေး တပ်ဖွဲ့ဝင်များ ထံမှ သေနတ်လုယူ ခဲ့ရာမှ ကျည်ပေါက်ထွက်ပြီး လူတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်။ ၄င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး လူမှုကွန်ရက် စာမျက်နှာများ နှင့် အင်တာနက် ဝက်ဘ်ဆိုက်များ ပေါ်၌ သတင်းအမျိုးမျိုး ဖြစ်ပေါ်လျက် ရှိကြောင်း တွေ့ရသည်။

ဖြစ်စဉ်အား စိစစ်ရာ ဇွန် ၂ဝ ရက် ည ၉ နာရီခန့်တွင် မြစ်ကြီးနားမြို့နေ မောင်စီစာရပ်၊ မောင်ဝင်းမျိုးသန့်၊ မနွေးနွေး၊ မနန်းလေး တို့လေးဦးသည် ဝိုင်းမော်မြို့နယ်၊ မိုင်းနားဘက်ခြမ်း မှဆိုင်ကယ်စီး၍ ဗလမင်းထင်တံတား အားဖြတ်သန်းပြီး မြစ်ကြီးနား ဘက်သို့ ပြန်လည် မောင်းနှင် လာခဲ့ရာ စီတာပူရပ်ကွက် သို့ ရောက်ရှိစဉ် အမည် (စိစစ်ဆဲ) လူရှစ်ဦးက ၄င်းတို့စီးနင်း လာသည့် ဆိုင်ကယ်အား လုယူရန် နှောင့်ယှက် ခဲ့ကြောင်း သိရှိရသည်။

အနှောင့်အယှက် ခံရသူ လေးဦးက နယ်မြေခံတပ်မှ လုံခြုံရေးရယူ ထားသည့် ဗလမင်းထင် တံတား လုံခြုံရေးဂိတ် (စီတာပူ) ဘက်ခြမ်းသို့ ရောက်ရှိလာကာ အကူအညီ တောင်းခံခဲ့သဖြင့် လုံခြုံရေး စစ်သည်နှစ်ဦးမှ လိုက်ပါကူညီပြီး စိတ်ချရသည့် နေရာအထိ ပို့ဆောင်ပေး ခဲ့သည်။ လုံခြုံရေး စစ်သည်နှစ်ဦး တာဝန်ကျဂိတ်သို့ ပြန်လာစဉ် လူငယ်လေးဦးအား နှောင့်ယှက်ခဲ့သည့် အမည်စိစစ်ဆဲ လူရှစ်ဦးက စစ်သည်နှစ်ဦးအား လုံးထွေး ထိုးကြိတ်ခဲ့ပြီး သေနတ်အား လုယက်ခဲ့၍ စစ်သည်တစ်ဦး ကိုင်ဆောင်သော သေနတ်မှ ကျည်ပေါက်ထွက်မှု ဖြစ်ပွားကာ လူတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး ကျန်လူများ ထွက်ပြေး တိမ်းရှောင်လျက် ရှိသည်။

စစ်သည်နှစ်ဦး သည် ဖူးရောင်ဒဏ်ရာများ ရရှိခဲ့ပြီး နယ်မြေခံတပ်၌ ဆေးကုသမှု ခံယူလျက် ရှိကာ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment