Pages

Thursday, May 26, 2016

ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး


ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး

နိုင်ငံတော်တွင် လူသား အရင်းအမြစ် ဖွံ့ဖြိုးရေး အခြေခံဖြစ်သော ပညာ သင်ကြားရေး အတွက် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေး သီတင်းပတ် ကို မေ ၂၅ ရက်မှ ၃၁ ရက်အထိ ပညာရေး ဝန်ကြီးဌာန က သတ်မှတ် ဆောင်ရွက်လျက် ရှိသည်။

ပညာဟူသည် အထူးထူး အပြားပြား ကို ပိုင်းခြားသိမြင် တတ်သော သတ္တိစွမ်း ဟူ၍ လည်းကောင်း၊ ပညာဟူသည် အပြစ်နှင့် အကျိုးတို့ကို ခွဲခြားသိမြင် တတ်သော ဉာဏ်ဟူ၍ လည်းကောင်း အဓိပ္ပာယ်ဖွင့်ဆို ကြသည်။ ပညာ အလင်းရောင်သည် လောကကြီး တစ်ခုလုံးကို မှန်မှန်ကန်ကန် သိမြင်နိုင်သည် အထိ စွမ်းဆောင် နိုင်ခြင်းကြောင့် ပညာနှင့် တူသော အလင်းရောင်သည် မရှိ (ပညာသမာ အာဘာနတ္ထိ) ဟု ဗုဒ္ဓ မြတ်စွာဘုရား ဟောကြား တော်မူခဲ့သည်။

မြန်မာနိုင်ငံ ပညာရေးကဏ္ဍ ပြုပြင် ပြောင်းလဲရေးတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် တို့အတွက် အခမဲ့ ပညာရေး စနစ်များ ဆောင်ရွက် နိုင်ခဲ့သည့်အပြင် သင်ထောက်ကူ ပစ္စည်းနှင့် ကျောင်းဝတ်စုံ တို့ကိုပါ ပညာရေး ဝန်ကြီးဌာနက အထိုက်အလျောက် ထောက်ပံ့ပေးလျက် ရှိသည်။ အခြေခံပညာ ကျောင်းများတွင် သင်ကြားပေးမည့် ဆရာဦးရေနှင့် သင်ယူမည့် ကျောင်းသားဦးရေ တို့ သင့်တင့်သော အနေအထား ရှိစေရန် ဆရာအတတ်သင် ကျောင်းများက ဆရာ၊ ဆရာမ များအား လေ့ကျင့် သင်ကြားပေးလျက် ရှိသကဲ့သို့ နေ့စားလပေး ဆရာ၊ ဆရာမများ ခန့်ထားပေးခြင်း ကိုလည်း နှစ်စဉ် ဆောင်ရွက်လျက် ရှိသည်။ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် ဘုန်းတော်ကြီးသင် အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမများအား လစာတိုးမြှင့် ထောက်ပံ့နိုင်ရေး ကိုလည်း ပညာရေး ဝန်ကြီးဌာန က စီစဉ်ထားကြောင်း သိရသည်။

လူတို့သည် မွေးဖွားသည်မှ စ၍ ပညာတတ် လာကြသည် မဟုတ်ဘဲ ငယ်စဉ်အခါ ပညာရှာ ဆိုသော စကားအတိုင်း ကျောင်းနေအရွယ်မှ စ၍ စာပေမှ တစ်ဆင့် အသိပညာနှင့် အတတ်ပညာ တို့ကို တစ်ဆင့်ပြီး တစ်ဆင့် သင်ယူ တတ်မြောက်ကြ ရသည်။ ငယ်စဉ်က ပညာမသင် ခဲ့သော် လူ့လောက အလယ် မျက်နှာငယ် ရကြောင်း ရှေးခေတ်စာဆို ရှင်မဟာရဋ္ဌသာရ က ''ဝိဇ္ဇာသိပ္ပ၊ လူ့ကိစ္စကို၊ ငယ်ကမသင်၊ ပျော်ပါးလွင်မူ၊ အကြင်သူအား၊ စကားခြေတင်၊ သဘင်မပြဲ့၊ ခံတွင်းမဲ့သို့၊ ချို့တဲ့ပညာ၊ ညှိုးမျက်နှာနှင့်၊ ရွံရှာလန့်ထိတ်၊ အသံဆိတ်၏'' ဟူ၍ သွန်သင် ထားသည်။

မြန်မာမှု နယ်ပယ်မှ မိဘကျင့်ဝတ် ငါးပါးမှာ သားသမီးများအား မကောင်းမှု ဒုစရိုက်တို့ကို မပြုမိရန် ဆုံးမဟန့်တား ပေးခြင်း၊ ကောင်းမှု သုစရိုက်တို့ကို ပြုလေ့ရှိအောင် တိုက်တွန်းခြင်း၊ ငယ်စဉ်က အသက်မွေးမှု ပညာကို သင်ကြားပေးခြင်း၊ အရွယ်ရောက်လာ သောအခါ အရင်းအနှီး ထုတ်ပေး၍ ရောင်းဝယ်စေခြင်း၊ သင့်တင့်သော သားကောင်း၊ သမီးကောင်း တို့နှင့် ကောင်းစွာ လက်ထပ်ထိမ်းမြားေ ပးခြင်းတို့ ဖြစ်သည်။

ဆရာကျင့်ဝတ် ငါးပါးမှာ တပည့်များအား အသက်မွေးမှု ပညာ လုံလောက်အောင် အတတ်သင်ကြား ပေးခြင်း၊ မကောင်းမှု ဒုစရိုက်တို့ကို ရှောင်ကြဉ် နိုင်အောင် ဆုံးမပဲ့ပြင် ပေးခြင်း၊ အတတ်ပညာ တို့ကို အကြွင်းမရှိ စေတနာထား သင်ကြားပေးခြင်း၊ ရောက်လတ္တံ့သော ဘေးအန္တရာယ်ကို ကာကွယ်ပေးခြင်း၊ မိမိထံမှ တစ်ဆင့် ပိုမိုသင့်လျော် ရာသို့ ညွှန်ပြ အပ်ပို့ခြင်းတို့ ဖြစ်သည်။

မိဘဆရာ ပူးပေါင်း ကလေးပညာကောင်း ဆိုသည့်အတိုင်း မိဘပြည်သူ များက ကျောင်းနေအရွယ် ရင်သွေးငယ် များကို အချိန်မီ ကျောင်းအပ်နှံ ကြရမည် ဖြစ်သည်။ ဆရာများကလည်း တပည့်တို့အပေါ် ကျင့်ဝတ်နှင့်အညီ သင်ကြားပေး ကြရမည် ဖြစ်သည်။ သို့မှသာ ပညာမြင့်၍ လူမျိုးတင့် နိုင်မည် ဖြစ်ပေသည်။

( အယ်ဒီတာ့အာဘော် )

မြ၀တီနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment