Pages

Friday, May 27, 2016

ဦးပိန်တံတား အကြီးစားပြုပြင်မှုလုပ်ငန်း ၄၅ ရာခိုင်နှုန်းပြီးစီး တိုင်လုံးများအားလုံး လဲလှယ်ပြီးပါက နှစ်ပေါင်း ၄၀ ကျော် အသုံးပြုနိုင်မည်



မန္တလေး ၊ ၂၇-၅-၂၀၁၆

ဦးပိန်တံတား အကြီးစား ပြုပြင်မှုလုပ်ငန်း လက်ရှိ အချိန်တွင် ၄၅ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပြီး တိုင်လုံးများ အားလုံး လဲလှယ် ပြီးပါက နောင်နှစ်ပေါင်း ၄ဝ ကျော်ထိ အသုံးပြုနိုင်မည် ဖြစ်ကြောင်း တံတားပြုပြင် ထိန်းသိမ်းရေး အဖွဲ့ အတွင်းရေးမှူး ဦးစိုးဝင်း ထံမှ သိရသည်။

အဆိုပါ တောင်သမန် တံတားရှိ ပျက်စီးယိုယွင်း နေသည့် တိုင်လုံးများနှင့် ထုပ်၊ လျောက်တန်း များကို ဧပြီလ မတိုင်မီက စတင်၍ ပြုပြင်ခဲ့ရာ ယခုလက်ရှိ အချိန်တွင် တံတား အနောက်ဘက် ထိပ်မှ ဒုတိယဇရပ်ထိ အခန်းပေါင်း ၄ဝ တွင် တိုင်လုံးပေါင်း ၁ဝဝ ကျော် နှင့် ထုပ်၊ လျောက်တန်း များကို လဲလှယ်ပြီးစီး နေပြီဖြစ်ပြီး လက်ရှိတွင် ၄၅ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း ၄င်းက ပြောပြသည်။

''ဒီတံတားဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၁၆ဝ ကျော် သက်တမ်းရှိတဲ့ ရှေးဟောင်း တံတားပါ။ ဒီလို သက်တမ်းကြာ လာတဲ့ တံတားဟာ အကြီးစား မပြုပြင်ခင် တုန်းက တိုင်လုံးတွေ ခြစားတာ၊ အောက်ခြေ ပြတ်တာတွေကို တွေ့ရတယ်။ ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ အတွက်လဲ အန္တရာယ် များတယ်။ အခုလက်ရှိ အချိန်မှာ တံတားတိုင်လုံး တွေကို လဲလှယ်ပြီး ကျန် အရေးကြီးတဲ့ အစိတ်အပိုင်း တွေကိုလဲ ပြန်ပြီးတော့  ပြုပြင်နေလို့ ဒီ တံတားဟာ နောက် နှစ်ပေါင်း ၄ဝ ကျော်လောက် ထိ ခိုင်ခံ့နိုင်တယ်။ ခရီးသွားတွေ အတွက်လဲ အန္တရာယ် မရှိနိုင် တော့ဘူး။ အခါကြီး ရက်ကြီး တွေမှာဆို ခရီးသွား ဧည့်သည်တွေ အများကြီး လာကြတဲ့ အခါမှာလဲ စိုးရိမ်စရာ မရှိပါဘူး'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

ထို့ပြင် လက်ရှိတွင် ဦးပိန်တံတား အရှေ့ဘက်ခြမ်းကို ဆက်လက် ပြုပြင်လျက် ရှိရာ တိုင်လုံးပေါင်း ၈ဝ ကျော်ကို အစားထိုး ပြုပြင်လျက် ရှိကြောင်း၊ အဆိုပါ တံတား ပြုပြင်ရန် ပိတ်ထားသည့် အနောက်ဘက် ခြမ်းကိုလည်း ပြန်လည်ဖွင့်လှစ် ပေးသွားမည် ဖြစ်ပြီး ခရီးသွား ဧည့်သည်များ တံတားပေါ်မှ သွားလာ နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ (၁၈၄)

ရတနာပုံနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment