Pages

Tuesday, May 31, 2016

ထိုင်းဘုရင်ဟောင်း ၏ အရိုးအိုးစေတီ ပြုပြင်မွမ်းမံသည့် လုပ်ငန်းများ ယာယီရပ်ဆိုင်းမည်



အမရပူရ ၊ ၃၁-၅-၂၀၁၆

မန္တလေး အမရပူရမြို့နယ် တောင်သမန်အင်း အနီးရှိ ထိုင်းဘုရင်ဟောင်း ဥဒုမ္ဗရမထေရ် (Udumbara) ၏ အရိုးအုတ်ဂူ မြေနေရာတွင် ဆောင်ရွက်နေသည့် အရိုးစေတီကို ထိန်းသိမ်း ပြုပြင်ရေး စီမံကိန်း လုပ်ငန်းများအား မြို့တော် စည်ပင် သာယာရေး ကော်မတီမှ မေ ၃၁ ရက်မှစ၍ ယာယီ ရပ်ဆိုင်းမည် ဖြစ်ကြောင်း သိရသည်။

လင်ဇင်ကုန်း သုသာန် ထိုင်းဘုရင် ရဲ့ အရိုးပြာ ဖြစ်မဖြစ် အချက် သုံးချက်ဖြင့် ပြန်လည် စိစစ်ရေး ဆောင်ရွက်စဉ် ယာယီရပ်ဆိုင်း ထားရမည် ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲမွန် ( မြို့တော်စည်ပင် သာယာရေး ကော်မတီဝင် - ၅ ) က ပြောကြား သည်။

စိစစ်ရေးအဖွဲ့တွင် မြို့တော်စည်ပင် သာယာ၊ ရှေးဟောင်း သုတေသန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ သာသနာရေး စသည်တို့မှ ပါဝင်ပြီး ထိုင်းဘုရင် အရိုးပြာ ဟုတ်၊ မဟုတ် ခေတ်မီ နည်းပညာများဖြင့် စစ်ဆေးရန်၊ ရှေးဟောင်း စေတီအား ပြုပြင်မွမ်းမံရန် သင့်၊မသင့် စိစစ်ပြီး အဆောင်အအုံ များကို ရှေးမူမပျက် ပြန်လည် တည်ဆောက် ရာတွင် ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းရေး ဥပဒေ လုပ်ထုံး လုပ်နည်းများ နှင့် ညီ၊မညီ၊ နှစ်နိုင်ငံ ချစ်ကြည် ညီညွတ်ရေး အတွက် ခွင့်ပြုသင့်၊ မသင့် တို့ကို စိစစ်သွားမည် ဖြစ်ကြောင်း သိရသည်။

''သီတဂူ ဆရာတော်ကြီး က ထိုင်း-မြန်မာ ဆက်ဆံရေး အတွက် ဒါကိုပြန်လုပ်ဖို့ ပြောတယ်။ သီတဂူ ဆရာတော်ကြီး မေတ္တာရပ်ခံ ခဲ့လို့ ထိုင်းဘုရင်ရဲ့အဆောက်အအုံ ပြင်ခွင့် ချထားပေးလို့ လုပ်နေတယ် " ဟု ပြင်ဆင် ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက်နေသည့် တမ္ပဝတီ ဦးဝင်းမောင် (မြန်မာမှု ဗိသုကာ ပညာရှင်) က ပြောပြသည်။

ဥဒုမ္ဗရမထေရ် သည် ဗဒုံမင်း လက်ထက်က အဆိုပါ နေရာတွင် မင်းကိုးကွယ်သော ရဟန်းအဖြစ် သီတင်းသုံး ခဲ့ကြောင်း၊ ပျံလွန်တော်မူ သောအခါ ထိုင်းဓလေ့ ထုံးတမ်းအရ မီးသင်္ဂြိုဟ်၍ ကျောင်းဝင်း အတွင်း အရိုးအုတ်ဂူ တည်ထားခဲ့သည့် သက်သေ အထောက်အထား များအပြင်၊ မြန်မာ့သမိုင်း မှတ်တမ်းများအရ အတည်ပြု နိုင်ကြောင်း ဆက်လက် ပြောကြားသည်။

သီတဂူ ဆရာတော် ဘုရားကြီး ဦးဆောင်သော ဥဒုမ္ဗရ ယဉ်ကျေးမှု ထိန်းသိမ်းရေး အဖွဲ့မှ ရဟန်းတော်ကြီး အရှင် ဥဒုမ္ဗရမထေရ် ၏ ရှေးဟောင်း စေတီတော်များ ပြုပြင် ထိန်းသိမ်းရေး ကို ဧပြီ ၂၅ ရက်က စတင်လုပ်ဆောင် နေကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၀)

No comments:

Post a Comment