Pages

Tuesday, May 31, 2016

မြန်မာနိုင်ငံအတွင်း နယ်စပ်ဝင်ပေါက် များမှ နိုင်ငံခြားခရီးသွား ဧည့်သည်ဝင်ရောက်မှုနှုန်း မြင့်တက်နေ



ရန်ကုန် ၊ ၃၁-၅-၂၀၁၆

မြန်မာနိုင်ငံ အတွင်းသို့ နယ်စပ်ဝင်ပေါက် များမှတစ်ဆင့် လာရောက်သည့် နိုင်ငံခြား ခရီးသွား ဧည့်သည် အရေအတွက်မှာ ထိုင်းနိုင်ငံမှ နှစ်သန်းကျော် နှင့် တရုတ်နိုင်ငံမှ ၁ ဒသမ ၅ သန်း ရှိသည့်အတွက် ထိုင်းနှင့် တရုတ်နယ်စပ် မှ ဝင်ထွက်မှု လွယ်ကူရေးကို အဓိကထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေ ဝန်ကြီးဌာန မှ သိရသည်။

ထိုသို့ ခရီးသွား ဧည့်သည် ဝင်ရောက်မှု မြန်ဆန်လွယ်ကူ စေရန် နိုင်ငံခြား ခရီးသွား ဧည့်သည် ဝင်ရောက်မှု လွယ်ကူရေး ကော်မတီကို ဝန်ကြီးဌာန ကိုးခုမှ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့တို့ဖြင့် မေ ၄ ရက်က ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကော်မတီမှ ပြည်တွင်းပြည်ပ လေဆိပ်များနှင့် နယ်စပ်ဝင်ပေါက် တို့၌ လွယ်ကူစွာ ဝင်ထွက်နိုင်ရေး၊ လုံခြုံရေးနှင့် စည်းကမ်း စနစ်တကျ ရှိစေရေးတို့ အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန်၊ ပင်လယ် ကမ်းခြေ သဘာဝအလှ တရားများကို ထိခိုက် မှုမရှိစေဘဲ ရေရှည်တည်တံ့ ထိန်းသိမ်းနိုင် စေရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး တို့ကို ပူးပေါင်း ဆောင်ရွက်ရန်၊ နိုင်ငံတော် လုံခြုံရေး အတွက် အမည်မည်း ( Black List )  စာရင်းဝင် နိုင်ငံခြားသားများ ဝင်ရောက်လာမှု မရှိစေရေး ပူးပေါင်း ဆောင်ရွက်ရန်နှင့် ကန့်သတ် နယ်မြေများသို့ ခွင့်ပြုမိန့်အရ သွားရောက်ရာ တွင် သတ်မှတ် ထားသောနေရာ၊ ဗီဇာရက်၊ သတ်မှတ်ထားသော အချိန်ထက် ကျော်လွန်မှု မရှိစေရေးတို့ကို ကြပ်မတ် ဆောင်ရွက် ပေးမည်ဖြစ်သည်။

ထို နယ်စပ်ဝင်ပေါက်မှ တစ်ဆင့် စက်ဘီး၊ မော်တော်ယာဉ်၊ ဆိုင်ကယ် ခရီးစဉ်များ၊ ကမ္ဘာလှည့် အပျော်စီး သင်္ဘောခရီးစဉ်များ၊ စက်တပ်ရွက်လှေ ခရီးစဉ်များ၊ ပြည်တွင်း မြစ်ကြောင်း ခရီးစဉ်များ၊ စင်းလုံးငှား လေယာဉ် ခရီးစဉ်များ ဝင်ရောက်မှု၊ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက် အသီးသီးမှ ခရီးသည်များ ဝင်ရောက် ထွက်ခွာရာတွင် တွေ့ကြုံနေရသော အားသာချက်၊ အားနည်းချက် များကို လေ့လာမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

သဲသဲ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment