Pages

Friday, May 6, 2016

နှစ်ပေါင်း ၃၆ နှစ်အတွင်း အကြီးမားဆုံး နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်တော့မည့် မြောက်ကိုရီးယား


Leader of the Democratic People's Republic of Korea Kim Jong Un at the military parade celebrating the 70th anniversary of the ruling Workers' Party of Korea in Pyongyang last year.

( ရှိန်းထက် )

မြောက်ကိုရီးယား အနေဖြင့် နှစ်ပေါင်း ၃၆ နှစ်ကြာ ရပ်တန့်ထား ခဲ့သော သမိုင်းဝင် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲကို မေ ၆ ရက်တွင် စတင်ကျင်းပမည် ဖြစ်သည်။

ယင်းတွေ့ဆုံ ဆွေးနွေးပွဲတွင် နိုင်ငံ့ထိပ်သီး စစ်ခေါင်းဆောင် များနှင့် မြောက်ကိုရီးယား ၏ ဖိတ်ကြားခံ တခြားနိုင်ငံ့ ခေါင်းဆောင်များ တက်ရောက်ကြမည် ဖြစ်ပြီး နိုင်ငံတကာမှ သတင်းထောက်ပေါင်း ရာနှင့်ချီ၍ သတင်းယူရန် ပြုံယမ်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

မြောက်ကိုရီးယား ကို တည်ထောင်ခဲ့သူ ကင်အီဆွန်း ၏ နိုင်ငံရေးစုံညီ အစည်းအဝေး ပွဲကြီးကို ကျင်းပခဲ့သည့် နောက်ဆုံး အချိန်သည် ၁၉၈ဝ ပြည့်နှစ်ဖြစ်ပြီး ကင်ဂျုံအွန် က သူ့ဖခင် ကင်ဂျုံအီ လက်ထက်တွင် သေဆုံးခဲ့သော ဆွေးနွေးပွဲကို ပြန်လည် အသက်သွင်း လိုက်ခြင်း ဖြစ်သည်။ ကင်ဂျုံအွန် သည် ခေတ်နောက်ပြန် ဆွဲသည့် နိုင်ငံ့ခေါင်းဆောင် တစ်ဦးအဖြစ် ထင်ရှား ကျော်ကြားပြီး သေဒဏ်ပေးသည့် နေရာ၌ အရက်စက်ဆုံး ဟူသည့် သရဖူကို ရရှိထားသူလည်း ဖြစ်သည်။

၂ဝ၁၅ ခုနှစ်က သူနှင့်အတူ အာဏာအပြိုင် ကြီးမားလာသည့် ဦးလေးတော်သူ ကို ခွေးစာကျွေး ခဲ့သောကြောင့် သူ၏ဂုဏ် သတင်းသည် ပိုမိုကြီးမား ခဲ့သည်။

နျူကလီးယား လမ်းစဉ်သို့ တစ်လမ်းသွား စနစ်ဖြင့် ချီတက်နေပြီး ၂ဝ၁၆ ခုနှစ်သည် ကင်ဂျုံအွန်နှစ် ဟု ပြောရ လောက်အောင် မြောက်ကိုရီးယား တို့၏ အောင်မြင်မှု များက အထွတ်အထိပ် သို့ ရောက်ရှိခဲ့သည်။ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုကို သူ့မွေးလ ဇန်နဝါရီလ တွင် မွေးနေ့လက်ဆောင် အဖြစ် တစ်ကမ္ဘာလုံး ကို ပေးခဲ့ပြီး ဖေဖော်ဝါရီ တွင်  မိုင်ပေါင်း ၈ဝဝဝ လောက် ပစ်ခတ်နိုင်သည့် တာဝေးပစ် ဒုံးပျံကိုလည်း အောင်မြင်စွာ စမ်းသပ် နိုင်ခဲ့သည်။

ထို့နောက် ဆက်တိုက် ဆိုသလို တာလတ်ပစ် ဒုံးပျံများတွင် နျူကလီးယား ထိပ်ဖူးသယ်ဆောင် နိုင်သည့်အဆင့် ကို ရောက်ရှိခဲ့ပြီး ဧပြီလတွင် ရေငုပ်သင်္ဘော ပေါ်မှ ဒုံးပျံ ပစ်လွှတ်ခြင်း အစီအစဉ်ကို အောင်မြင်စွာ လုပ်ဆောင် နိုင်ခဲ့သည်။

ကင်ဂျုံအွန် သည် ၂ဝ၁၅ ခုနှစ်ကလည်း ရေငုပ်သင်္ဘောမှ ဒုံးပျံပစ်လွှတ်ပုံ ကို ပြသခဲ့ သော်လည်း ဟိတ်ဟန် ထုတ်ထားသည့် ဟန်ပြ အရာတစ်ခုသာ ဖြစ်ပြီး အစစ် မဟုတ်ကြောင်း အမေရိကန်တို့က ဖော်ထုတ် နိုင်ခဲ့သည်။ ထို့ကြောင့် မြောက်ကိုရီးယား တို့ ရေငုပ်သင်္ဘော ပေါ်မှ ပစ်ခတ်နိုင်သည့် နည်းပညာကို ရရှိရန် အနည်းဆုံး နှစ်နှင့်ချီကြိုးစား ရဦးမည်ဟု အမေရိကန်တို့ တွက်ခဲ့ကြသည်။ သို့သော်လည်း နှစ်ဝက်လောက်ပင် မကြာသည့် အချိန်တွင် မြောက်ကိုရီးယား တို့က ယင်း နည်းပညာကို ရရှိခဲ့ကြသည်။

၂ဝ၁၆ ခုနှစ်ထဲမှာပင် နောက်ထပ် တာဝေးပစ်ဒုံးပျံ တစ်စင်း ထပ်လွှတ်ရန် အစီအစဉ်လည်း ရှိနေသေးသည်။ ထို့ပြင် ငါးကြိမ်မြောက် နျူကလီးယား စမ်းသပ်ရန် မြောက်ကိုရီးယား တို့က ပြင်ဆင်နေ ပြန်သည်။ လေးကြိမ်မြောက် ဟိုက်ဒရိုဂျင်ဗုံး နှင့်ပင် မြောက်ကိုရီးယား သည် ကမ္ဘာကို ကိုင်လှုပ်နိုင်ခဲ့ပြီး ယခု ငါးကြိမ်မြောက် ဆိုလျှင် တစ်ကမ္ဘာ့လုံးက မြောက်ကိုရီးယား ကို အရေးယူမှု တစ်ခုခုပြုလုပ် ရတော့မည် ဖြစ်သည်။

အမေရိကန် က မြောက်ကိုရီးယား တို့ တာဝေးပစ်ဒုံးပျံများ အမေရိကန်ကို နောက်လေးနှစ် အတွင်း ရောက်လာနိုင်သည် ဟု ခန့်မှန်းကြသည်။ ထို့ကြောင့် အမေရိကန် တို့ မြောက်ကိုရီးယား ကို သူလျှိုမျက်လုံးဖြင့် အချိန်ပြည့် ကြည့်နေရခြင်း ဖြစ်သည်။ ယခုလည်း နိုင်ငံရေးစုံညီ အစည်းအဝေး ကျင်းပဦးမည် ဖြစ်သည်။ မြောက်ကိုရီးယား တို့၏ ရည်ရွယ်ချက် အထူးသဖြင့် ကင်ဂျုံအွန် ၏ အစီအစဉ် များက ဘာဖြစ်လာမလဲ ဆိုသည်ကို အမေရိကန်တို့ ယခုအချိန်ထိ မခန့်မှန်း နိုင်အောင် ရှိလှသည်။

ကင်ဂျုံအွန်သည် နိုင်ငံခြား သံတမန်များ အပါအဝင် နိုင်ငံတကာ သတင်းထောက် များနှင့်တွေ့ဆုံရန် ရှောင်တိမ်းလွန်းသူ ဖြစ်သည်။ ယခုဖြစ်စဉ် သည် မြောက်ကိုရီးယား သမိုင်းတွင် ရှားပါးဖြစ်စဉ် တစ်ခုဖြစ်ပြီး ကင်ဂျုံအွန် အာဏာရပြီး ကတည်းက မပြုလုပ်ဖူးသော အစီအစဉ် ဖြစ်သည်။ ပေးစရာ မက်လုံးများနှင့် ဆွဲဆောင် တတ်သည့် ကင်ဂျုံအွန် ယခုတစ်ကြိမ် တွင်လည်း မည်သူ့ကို မက်လုံးပေး ဆွဲဆောင်ဦးမည် ဆိုသည်မှာ မကြာမီ အဖြေပေါ် လာတော့မည် ဖြစ်သည်။

ကမ္ဘာ့  အဆိုးရွားဆုံး စီးပွားရေး ပိတ်ဆို့မှု များကို ခံနေရသော မြောက်ကိုရီးယား ကို ဆက်ဆံချင်သူ သည် ရှားပါးလှသည်။ ဆက်ဆံ လျှင်လည်း သူနှင့်ဂိုဏ်းတူ နိုင်ငံများ ဖြစ်သည့် တရုတ်နှင့် ရုရှားတို့သာ ရှိသည်။ ယခု တရုတ်ကလည်း မြောက်ကိုရီးယား နှင့် ဆက်ဆံရေး ကို ပြန်လည် သုံးသပ်နေသည်။ မကြာသေးမီ ကပင် ကင်ဂျုံအွန် က တရုတ်ကို နျူကလီးယား လက်နက်စာ မိတော့မည်ဟု ခြိမ်းခြောက်ခဲ့ သောကြောင့် ဖြစ်သည်။ တရုတ်နှင့် ရုရှားတို့က မြောက်ကိုရီးယား ကို ဆက်ဆံရသည့် ရည်ရွယ်ချက် ကလည်း ရိုးရှင်းလွန်း လှသည်။ မည်သူမျှ မဆက်ဆံချင် သူနှင့် ဆက်ဆံလျှင် ခေါင်းပုံဖြတ်၍ ရသည်။ ရေနံနှင့် စွမ်းအင်ကဏ္ဍ များတွင် ဝယ်ဈေးထက် အဆမတန် တင်၍ ရောင်းလို့ရသည်။ အစားအစာ၊ လူ့အသုံးအဆောင် ပစ္စည်းများကို မည်သူနှင့်မျှ ဈေးကွက် ယှဉ်ပြိုင်ရန် မလိုဘဲ မူပိုင်ဈေးကွက် ကိုရရှိသည်။ ထို့ကြောင့် တရုတ်တို့က ရည်ရွယ်ချက် ကြီးကြီးဖြင့် မြောက်ကိုရီးယား နှင့် တံတားထိုး ကုန်သွယ်ခဲ့ခြင်း ဖြစ်သည်။ နှစ်စဉ် အမေရိကန် ဒေါ်လာ သန်းရာနှင့်ချီ၍ ထိုတံတားပေါ်မှ စီးမျော လာသဖြင့် တရုတ်တို့ ငွေပေါက်ကြီး ရှာတွေ့ထား ခဲ့သည်။ ယခုတော့ တရုတ်ကို မြောက်ကိုရီးယား ပြန်လည်၍ လက်ချင်း ချိတ်လိုပါက ကြေးများများနှင့် လျော်ကြေး ပေးရမည် ဖြစ်ပြီး စိတ်ကျေနပ်မှု ရှိအောင် ဆောင်ရွက်ပေး ရမည်ဖြစ်သည်။ အမေရိကန်က တရုတ်ကို မြောက်ကိုရီးယား နှင့် ကုန်သွယ်မှု ဖြတ်တောက်ရန် ဖိအားပေးသည်။ 

သို့သော် တရုတ်နှင့် အမေရိကန် တို့၏ သမိုင်းကြောင်း တစ်လျှောက်တွင် အမေရိကန် မလုပ် စေချင်သော အရာများကိုသာ တရုတ်တို့က လုပ်ခဲ့သည်။ တောင်တရုတ် ပင်လယ်ပြင် အရေးတွင်လည်း အမေရိကန်က ပြောလေ တရုတ်ကဲလေ ပင်ဖြစ်သည်။ တိုက်ဆိုင်စွာ တရုတ်၏ စီးပွားရေး ကလည်း ကျဆင်းလာသည်။ ထို့ကြောင့် တရုတ်တို့က ဖြစ်သည့် နည်းနှင့် သူတို့ စီးပွားရေးကို ပြန်လည် မြှင့်တင်မည် ဖြစ်သည်။ ထို့ကြောင့် အကယ်၍ ကင်ဂျုံအွန် သာ တရုတ်တို့ ကြိုက်သည့် မက်လုံး ပေးနိုင်ပါက တရုတ်သည် အမေရိကန် တို့ကို ယခင်ကလိုပင် ဆန့်ကျင်ပြီး မြောက်ကိုရီးယား ဘက်သို့ အချိန်မရွေး ပြန်ရောက်သွား နိုင်သည်။

နိုင်ငံခြား သံတမန်များ အပါအဝင် သမိုင်းတစ်လျှောက် အကြီးမားဆုံး တွေ့ဆုံ ဆွေးနွေးမည့် ယခု ဆွေးနွေးပွဲသည် မြောက်ကိုရီးယား အတွက် ရည်ရွယ်ချက် နှစ်ခုသာ ရှိသည်။ နျူကလီးယားကို အကောင် အထည်ဖော် နိုင်ရေးနှင့် သူနှင့် ဆက်လက် ကုန်သွယ်မည့် နိုင်ငံ ရှာဖွေရေး ဖြစ်သည်။ ထင်ရှားသည့် အချက်တစ်ခုမှာ မြောက်ကိုရီးယား တို့ အမေရိကန် ၏ ပိတ်ဆို့မှုများကို အလူးအလဲ ခံစားနေရခြင်း ဖြစ်သည်။

မြောက်ကိုရီးယား ၌ ၂ဝ၁၅ ခုနှစ် ကလည်း မိုးခေါင်ရေရှားမှု စံချိန်တင် ဖြစ်ခဲ့သည်။ စိုက်ခင်း ဟက်တာပေါင်း ထောင်နှင့်ချီ၍ ပျက်စီးခဲ့သည်။ တောင်ကိုရီးယား နှင့် ကုလသမဂ္ဂ ကလည်း ထောက်ပံ့မှု များကို အမေရိကန် ဒေါ်လာ သန်းရာနှင့်ချီ လျှော့ချ ခဲ့သည်။ ယခုတော့ ထိုဒဏ်များနှင့် ရောပြီး အီရန်ထက် ဆိုးသည့် အမေရိကန်၏ ပိတ်ဆို့မှုကိုပါ ခံနေရ သောကြောင့် နျူကလီးယား အကောင် အထည်ဖော်ရန် ပိုမိုခက်ခဲ သွားပြီး မဟာမိတ်နိုင်ငံ အသစ်ထပ်မံ ရှာဖွေရန်အတွက် ယခု သမိုင်းဝင် ထိပ်သီး အစည်းအဝေးကို ကျင်းပရခြင်းသာ ဖြစ်သည်ဟု အမေရိကန် တို့က ယူဆနေကြ ပါကြောင်း ရေးသား လိုက်ရပါသည်။

North Korea Gets Ready for Biggest Ruling Party Meeting in 36 Years

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment