Pages

Monday, May 30, 2016

စာနာတတ်သော နှလုံးသားနှင့် သည်းခံမှုတရား


( မဒါလေး )

ယခုရက်ပိုင်း စာရေးသူမှာ အပြင်သွား ရသည်က များနေပြီး မိတ်ဆွေ သူငယ်ချင်း၊ ဆရာသမားဟောင်း များနှင့်လည်း တွေ့ဖြစ်သည်။ စာရေးသူ၏ အသက်မွေး ဝမ်းကျောင်း အလုပ်သည် စာသင်ခြင်း ဖြစ်သဖြင့် အပြင်ထွက် ရချိန်က အလွန်နည်းသည်။ ထွက်ဖြစ်သည် ဆိုလျှင် စာရေးသူ သွားချင်သည့် နေရာ၊ စားချင်သည့် အစားအစာ၊ ဝယ်ချင်သည့် စာအုပ်ဆိုင်၊ တွေ့ချင်သည့် ဆရာသမား များနှင့် မိတ်ဆွေများ အားလုံးကို အချိန်ဇယား ချကာ မိုးလင်းမှ မိုးချုပ် သွားတတ်သည်။ ထိုသို့သော နေ့မျိုးတွင် အပြင်မှ ပြန်လာသော စာရေးသူကို အမေက ''နင့်ကို အိမ်စောင့်နတ် လက်မခံတော့ဘူး ပြန်ထွက်'' ဟု အမြဲပြော တတ်သည်။ တကယ်တော့ စာရေးသည့် အလုပ်ကလည်း လူအများနှင့် ထိတွေ့မှသာ ပိုမို ထက်မြက်သော ကလောင်ကို ရရှိနိုင်မည် ဖြစ်သောကြောင့် အိမ်ပြင်ထွက် လေ့လာဆည်းပူး နေရခြင်း ဖြစ်သည်။

တစ်နေ့ အပြင်သွားရင်း စာရေးသူ ကိုးတန်၊ ဆယ်တန်း က စာသင်ပေးခဲ့သော ဆရာကြီး တစ်ဦးနှင့် အမှတ်မထင် ဆုံမိသည်။ ဝမ်းပန်းတသာ ဆရာကြီးကို နှုတ်ဆက်ကာ ကော်ဖီဆိုင် တစ်ဆိုင်သို့ ဂါရဝပြုရန် ဖိတ်လိုက်သည်။ 

ဆရာကြီးသည် ကိုးတန်း ၊ ဆယ်တန်း ကကဲ့သို့ ယခုအချိန်ထိ သွန်သင်ဆုံးမ ပေးနေသည်။ တစ်ခါတစ်ရံ ကိုယ်တိုင် မသိမြင်နိုင်သော၊ မတွေ့ကြုံခဲ့သော အကြောင်းအရာ များကို ဆရာကြီးထံတွင် မေးကာ ပညာယူရသည်။ ကိုယ်တွေ့ များနှင့် ရှင်းပြတတ် သကဲ့သို့ စာအုပ်စာပေ မှတ်တမ်းများ ဖြင့်လည်း ရှင်းပြ ပေးတတ်သေးသည်။ စာရေးသူ အပေါ်လည်း လမ်းညွှန်မှု များစွာ ပေးခဲ့သူ ဖြစ်သည်။ ဆရာကြီးနှင့် စကားပြောရင်း အကြောင်းအရာ တစ်ခု နှင့် ဆက်စပ်ကာ လူတို့၏ စိတ်ဓာတ် အကြောင်း ရောက်သွားသည်။ ''လူတစ်ဦး၏ စိတ်ဓာတ် အရည်အချင်းမှာ ထိုလူ ပြုမူလိုက်သော လုပ်ရပ်ပေါ်တွင် မူတည်သည်'' ဟု ဆရာကြီးက ပြောပြသည်။

လူတစ်ဦးတွင် အရည်အချင်း များစွာ ရှိနိုင်သည်။ ပညာ အရည်အချင်း၊ စီးပွားရေး၊ လူမှုရေး၊ ပေါင်းသင်း ဆက်ဆံရေး၊ အလုပ်အကိုင် တိုးတက် အောင်မြင်မှု၊ လူအများအပေါ် လွှမ်းမိုးနိုင်မှု၊ လူအများ၏ အကြည် ညိုခံရမှု စသည်ဖြင့် အရည်အချင်း များစွာရှိသည်။ ထိုအရည် အချင်း များစွာထက် အရေးကြီးသည်မှာ စိတ်ဓာတ် အရည်အချင်း ဖြစ်သည်ဟု ဆရာကြီး က ပြောသွားသည်။ စိတ်ဓာတ် အရည်အချင်း သည် အသက်အရွယ် ပေါ်လိုက်ကာ အတက်အကျ မြန်စွာ ဖြစ်ပျက် တတ်သည်။ ထိုအရည်အချင်းကို ကောင်းစွာ တည်ဆောက် နိုင်ပါမှ တကယ့် အောင်မြင်သောသူ ဖြစ်မည်ဟု ထပ်မံပြောကြား သွားသည်။

စာရေးသူ အနေဖြင့်လည်း ထိုအချက်ကို အပြည့်အဝ ထောက်ခံမိသည်။ ဆရာကြီး ပြောသကဲ့သို့ပင် အခြားသော အရည်အချင်း များသည် လုပ်ယူလျှင် ရသည်။ ကြိုးစားလျှင် ဖြစ်နိုင်သည်။ စိတ်ဓာတ် အရည်အချင်း ပြည့်ဝရန် ကြိုးစားတိုင်း မဖြစ်နိုင်၊ လုပ်ယူလျှင် ပိုပြီး မဖြစ်နိုင်ပေ။ အမှန်တကယ် စိတ်ဓာတ် အရည်အချင်း ပြည့်ဝသူ များသည် ပင်ကိုယ်ဗီဇ ကပင် သည်းခံနိုင်မှု စွမ်းအား ကောင်းကြသူများ ဖြစ်သည်။ ပင်ကိုယ် ဗီဇကြောင့် မဟုတ်လျှင် ကောင်းသော ပတ်ဝန်းကျင် တစ်ခုမှ ကောင်းသော အရာများကို အတုယူ လေ့လာမိသူ တစ်ဦး ဖြစ်နိုင်သည်။

မည်သူမည်သို့ပင် ပြောပြော မိမိ၏ ပင်ကိုယ် အခံစိတ်အတိုင်း သည်းခံစိတ်ဖြင့် ကောင်းမွန်စွာ ပြုမူနေထိုင်ခြင်း ကို ဆိုလိုသည်။ ထိုသို့နေထိုင် ရာတွင်လည်း သည်းခံစိတ်များ သူများသည် လူတစ်ဖက်သား အပေါ်တွင် ကိုယ်ချင်းစာ တရား လက်ကိုင်ထားကာ ပြုမူဆက်ဆံ တတ်ကြသည် က များသည်။ ''ကိုယ်သာ သူတို့လို ဖြစ်လျှင်ဟု စဉ်းစားလျှင် အရာရာတိုင်း အဆင်ပြေသည်'' ဟု ဆရာကြီးပြောသော စကားကို နားထဲကြား ယောင် မိသည်။ 

လူတစ်ဦးကို အပြစ်တင် နေမည့်အစား ကိုယ်တိုင် ထိုနေရာတွင် ခံစားကြည့်ပါ။ ကိုယ်တိုင် လုပ်နိုင်ပါ့မလား သုံးသပ် ကြည့်ပါ။ တစ်ခါတစ်ရံ ခက်ခက်ခဲခဲ လုပ်ရသော အလုပ်ထက် လွယ်လွယ် လုပ်ရသော အလုပ်က ပိုခက်ခဲ နေတတ်သည်။ သို့အတွက် ကိုယ်ချင်းစာ တရားထားကာ လူတစ်ဖက်သား ကို နားလည်ပေး နိုင်သော သူ၏ စိတ်ဓာတ် အရည်အချင်း သည် လေးစားစရာ ကောင်းသည်။

တစ်ခါတုန်းက စာရေးသူ ကြုံဖူးသည့် အဖြစ်အပျက် တစ်ခုကို သာဓကပြ ပြောပြလိုသည်။ စာရေးသူတို့ ရပ်ကွက်မှာ လူတန်းစား စုံသော ရပ်ကွက်ဟု ပြောလျှင်ရသည်။ သူဌေးသူကြွယ်၊ ပညာတတ်မှ အစ အောက်ဆုံးအဆင့် အလုပ်သမားထိ ရှိသည်။ တစ်ရက် ကုန်စုံဆိုင် ပိုင်ရှင်၏သမီး မိန်းကလေးကို အိမ်ငှားနေ ရသည့် စက်ရုံ အလုပ်သမား ကောင်လေး တစ်ဦးက ကြိုက်သည်။ ကုန်စုံဆိုင် ပိုင်ရှင် သိသွားသော အခါ ထိုကောင်လေးကို နားဝင်မဆံ့သော စကားလုံးများဖြင့် ပြောဆိုသည်။ မတူမတန် သည်မှအစ သည်လို အဆင့်အတန်းနှင့် သူတို့သမီးကို မှန်းရသလား အဆုံး လူတစ်ဦး၏ နှလုံးကို ညှိုးနွမ်း စေနိုင်သော စကားလုံး များဖြင့် ကောင်လေး၏ တစ်မိသားစု လုံးကို ရစရာ မရှိအောင် ပြောသည်။ သာမန် လူတစ်ဦး ဆိုလျှင် ထိုကုန်စုံဆိုင် ပိုင်ရှင် ထိုနေရာတွင် အသက်ပျောက် သွားနိုင် သော်လည်း ကောင်လေး၏ မိဘများရော မောင်နှမ များနှင့် ကောင်လေး ကိုယ်တိုင် မည်သို့မျှ မတုံ့ပြန့်ခဲ့ဘဲ သည်းခံ နေကြသည်။ နောက်ဆုံးတွင် ကောင်လေးဖခင် ကိုယ်တိုင်က သားဖြစ်သူကို ဆုံးမပါ့မည် ဟုဆိုကာ တောင်းပန်မှ တစ်ဖက်မှာ ကျေနပ်သွား သည်။ တကယ်တမ်း ဆိုလျှင် လူငယ်ချင်း ချစ်ကြိုက်သည့် အဆင့်ပင် မရောက်သေး သူတို့ဘက်က ပြန်ပြော လျှင်လည်း ပြောစရာများ အများကြီး ရှိသည်။ သို့သော် ဘာမျှ ပြန်မပြော သည့်အပြင် တောင်းပန် လိုက်သော သည်းခံမှု စွမ်းအား ကြီးသည့် ထိုမိသားစုကို စာရေးသူ အံ့သြမိသည်။ ငွေကြေး မပြည့်စုံသူများ ဖြစ်၍ ဘာမျှ ပြန်မပြောသည် ဟု ထင်မိသည်။ နောက်မှ မိခင်ဖြစ်သူက ''ကျွန်မသားလဲ ကျွန်မတို့ အိမ်မှာတော့ မင်းသားပါပဲ ဆရာမရယ်။ မိဘချင်း စာနာလို့ ဘာမျှ ပြန်မပြောလိုက် တာပါ။ ကိုယ်က သည်းခံလိုက်တော့ သူတို့လဲ စိတ်အေးလက်အေး ဖြစ်သွားတာပေါ့'' ဟု ပြောရှာသည်။ ငွေကြေးအရ မပြည့်စုံပေမယ့် စိတ်ဓာတ် အရည်အချင်း ပြည့်စုံသော ထို မိသားစုကို စာရေးသူ ချီးကျူးမိသည်။

ထိုကောင်လေး၏ ဖခင်သည် အခြား အလုပ်အကိုင် ၀င်ငွေမရှိ သော်လည်း ရပ်ကွက်ထဲတွင် အားကိုးယုံကြည်သူ များသည်။ မိုးရွာ၍ ရပ်ကွက်မြောင်းများ ပြည့်လျှင် အများသူငါ ဟိုလူ့အပြစ်တင်၊ သည်လူ့ အလိုမကျ ဖြစ်နေချိန် ထိုဦးလေးသည် တူရွင်း၊ ပေါက်ပြားများ ကိုင်လျက် ပိတ်နေသော မြောင်းများကို လိုက်ဆယ်၊ လိုက်တူးကာ ရေစီးရေလာ ကောင်းအောင် လိုက်လုပ်သည်။ မည်သူ့အိမ်၊ မည်ဝါအိမ် မခွဲခြား တစ်ရပ်ကွက်လုံး သူနိုင်သလောက် လိုက်လံ လုပ်ဆောင် ပေးသည်။ တစ်ခါတစ်ရံ စာရေးသူတို့က ငွေကြေး အနည်းငယ်ကို လုပ်အားခ အဖြစ် ပေးသည်ကိုပင် မယူပေ။ ထိုသို့ ပေးတိုင်းလည်း ''ဦးလေးက လုပ်အားခ ရချင်လို့ မဟုတ်ပါဘူးကွယ်။ ကိုယ့် ရပ်ကွက်လေး သန့်ရှင်း သပ်ရပ် စေချင်လို့ပါ'' ဟု ပြောတတ်သည်။ 

စာရေးသူတို့ တိုက်သည့် အအေးနှင့်ရေကို တစ်ခါတစ်ရံ သောက်တတ်သည်။ အအေးတိုက်ရင်း သူနှင့် စကားစမြည် ပြောကြည့်မှ သူ၏ စိတ်ဓာတ်အခံ ကို ပိုမို သိမြင်လာသည်။ စာရေးသူတို့ နေ့စဉ်တွေ့မြင်နေကျ ရပ်ကွက်သူ၊ ရပ်ကွက်သား များသည် ဟိုဟာ လုပ်ပေးပါ။ သည်ဟာ ပြင်ပေးပါ။ သည်လိုလုပ်သည် က မကောင်းပါ။ ဟိုလိုပြောင်းပါ စသည်ဖြင့် ပြောဆို နေကြသူ များကို မြင်ယောင်မိသည်။ ထိုသို့ပြောဆို နေကြ သူများ၏ စိတ်ဓာတ် အရည်အချင်း များသည် ထိုဦးလေး စိတ်ဓာတ်၏ တစ်ဝက်လောက် သာရှိလျှင် စာရေးသူတို့ နိုင်ငံကြီးလည်း မည်မျှ တိုးတက် နေမည်နည်းဟု အတွေး ရောက်မိသည်။ ယခုဖြင့် ဘေးထိုင် အပြစ်ပြောရုံ သာမက မိမိအိမ်ရှေ့ ရေဝပ်သည် ကိုပင် အပြစ်တင်ကာ ထိုင်ကြည့် နေကြသော လူအချို့၏ စိတ်ဓာတ် အရည်အချင်း ကိုစာရေးသူ မှတ်တမ်းတင် မိသည်။ စာရေးသူ ကိုယ်တိုင်လည်း စိတ်ဓာတ် အရည်အချင်း ပြည့်ဝစေရန် စာနာတတ်သော နှလုံးသားနှင့် သည်းခံမှု တရား လက်ကိုင် ထားကာ မျှမျှတတ စဉ်းစား တတ်သော အကျင့်ကို ယနေ့မှစ၍ ကြိုးစား တည်ဆောက် နေပါကြောင်း စာနာတတ်သော နှလုံးသားနှင့် တင်ပြလိုက်ရ ပါသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၃)

No comments:

Post a Comment