Pages

Wednesday, April 27, 2016

အပူဒဏ် အယ်လ်နီညိုဒဏ် ခရမ်းလွန်ရောင်ခြည်ဒဏ် တို့မှ ကင်းဝေးစေဖို့



ဒေါက်တာလွင်သန့် (ဆေး-၂)

နွေရာသီမှာ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ရာသီဥတု ပူပြင်းပြီး ရေခန်းခြောက် ခြင်းနဲ့ သောက်သုံးရေ ဖူလုံမှု မရှိခြင်းတို့ တွေ့ကြုံကြ ရတယ်။ အပူဒဏ်ကြောင့် ချွေးထွက်များပြီး ခန္ဓာကိုယ်တွင်း မှာရှိတဲ့ ရေနဲ့ ဆားဓာတ် ဆုံးရှုံးမှု များလို့ မိတ်နဲ့ ယားဖုများ ထွက်ခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ မူးမော်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ပြီး ကိုယ်အပူချိန် တက်ခြင်း၊ သတိလစ်ခြင်း ကနေ အသက် အန္တရာယ် စိုးရိမ်ရခြင်း စတဲ့ အခြေအနေထိ ဖြစ်နိုင် ပါတယ်။

ခရမ်းလွန် ရောင်ခြည်ရဲ့ အပူဒဏ်ကြောင့် မလိုလားအပ်တဲ့ အကျိုးဆက် တွေ မဖြစ်ပေါ်စေဖို့ နံနက် ၁ဝ နာရီကနေ ညနေ ၅ နာရီအတွင်း လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေဆိပ်တို့မှာ ရေချိုးခြင်းကို ရှောင်ကြဉ် ရမယ်။ အရိပ်ရပြီး အေးမြတဲ့ နေရာမှာ နေသင့် ပါတယ်။

နေပူထဲမှာ ပြင်းထန်တဲ့ ကိုယ်လက် လှုပ်ရှား အားကစားမျိုး မပြုလုပ်သင့် ပါဘူး။ အရက်၊ ဘီယာ သောက်ခြင်း ကြောင့် အပူဒဏ် အန္တရာယ် ဖြစ်ပေါ်စေတဲ့ အပြင် ခန္ဓာကိုယ် တွင်းရှိ ရေကို အမြန်ဆုံး ညစ်နွမ်းစေပြီး အပူဒဏ်ကို ပြင်းပြင်း ထန်ထန် ခံစားရစေလို့ ရှောင်ကြဉ်သင့် ပါတယ်။

အလင်းရောင်ပြန် တဲ့ အဖြူရောင် သို့မဟုတ် အရောင်ဖျော့ဖျော့ အဝတ်အထည် တွေ ဝတ်ဆင်ရမယ်။  ပွပွချောင်ချောင် ချည်ထည် လေးတွေ ဝတ်ဆင်ရမယ်။ ပူလို့ဆိုပြီး အဝတ်မဝတ်ဘဲ မနေသင့်ပါဘူး။ ချွေးထွက်လွန်ရင် ကိုယ်တွင်းမှာ ရှိတဲ့ ရေနဲ့ ဆားဓာတ် ဆုံးရှုံးမှု ဖြည့်တင်းဖို့ ဓာတ်ဆားရည် သောက်ပါ။ ကိုယ်အပူချိန် တက်လာရင် ရေအေးဖတ် တင်နိုင်ပါတယ်။ အအေးခန်းမှာ နေထိုင်နိုင်ပါတယ်။

ဆီးချို၊ နှလုံးနဲ့ သွေးတိုးရောဂါ အခံရှိသူတွေ အပြင် ကလေးနဲ့ သက်ကြီးရွယ်အို တွေလည်း ကိုယ်အပူချိန် တက်ပါက ရေအေးဖတ် တင်နိုင်ပါတယ်။ နေ့လယ်နေ့ခင်း မှာ အရိပ်ရပြီး လေဝင်လေထွက် ကောင်းတဲ့ နေရာမှာ နားနေသင့် ပါတယ်။ သူတို့ဟာ အပူဒဏ် ပြင်းထန်ခြင်းကို ဆိုးဆိုးရွားရွား ခံစားရနိုင် ပါတယ်။ မိတ်နဲ့ ယားဖုတွေ ထွက်လာရင် ရေအေးဖတ် တင်ခြင်းအပြင် သနပ်ခါး လိမ်းခြင်းကို ပြုလုပ်သင့် ပါတယ်။

ခရမ်းလွန် ရောင်ခြည်ကြောင့် အရေပြား အညိုအမည်း စွဲခြင်း၊ နေရောင်ခြည် နဲ့ ဓာတ်မတည့်ခြင်း၊ အရေပြား ကင်ဆာနဲ့ သက်ကြီး မျက်စိ တိမ်စွဲခြင်းတို့ ဖြစ်စေနိုင်လို့ နေရောင်ခြည်ထဲ မဖြစ်မနေ သွားရမယ် ဆိုရင် နေရောင်ခံ ခရင်မ်ကို ကြိုတင်လိမ်းပြီး နှစ်နာရီခြား တစ်ခါ ပြန်လိမ်းသင့် ပါတယ်။ ဒါမှမဟုတ် သနပ်ခါး လိမ်းပေးသင့် ပါတယ်။ ခရမ်းလွန် ရောင်ခြည်ဒဏ် ၉၉ ရာခိုင်နှုန်း ကာကွယ် နိုင်တဲ့ နေကာ မျက်မှန်မျိုး တပ်ဆင်သွားဖို့ လိုပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment