Pages

Thursday, April 28, 2016

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr. Scot Marciel အား လက်ခံတွေ့ဆုံစဉ်

နေပြည်တော် ၊ ၂၈-၄-၂၀၁၆

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Scot Marciel အား ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင် ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ရရှိချိန်မှစ၍ နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်များနှင့် လက်ရှိပါတီစုံ ဒီမိုကရေစီခေတ် ၏ ဒုတိယ အစိုးရကာလ၊ အပြောင်းအလဲ ကာလတွင် တပ်မတော်၏ အမျိုးသားဆိုင်ရာ ရပ်တည်ချက်၊ လုပ်ဆောင်ချက်များ၊ နိုင်ငံရေး၊ တိုင်းရင်းသားရေး၊ ဘာသာရေးအရ ဖြစ်ပေါ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွင် တပ်မတော်၏ သဘောထားနှင့် ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများ၊ မိမိနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒနှင့် နိုင်ငံတကာ ဆက်ဆံရေး အခြေအနေများ၊ မြန်မာ- အမေရိကန် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား အပြန်အလှန် ယုံကြည်မှုကို အခြေခံ၍ ဆက်ဆံရေး တိုးမြှင့်နိုင်မည့် အခြေအနေ များအား ရှင်းလင်း ပြောကြားသည်။

ဧည့်သည်တော် သံအမတ်ကြီး မှလည်း သိရှိလိုသည် များအား ပြန်လည် မေးမြန်းကာ ၄င်း၏တာဝန် ထမ်းဆောင်မည့် ကာလအတွင်း နှစ်နိုင်ငံ ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ တိုးမြှင့် လုပ်ဆောင်နိုင်မည့် အခြေအနေ များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ ကြသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ် ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး တို့ တက်ရောက်ကြပြီး သံအမတ်ကြီး နှင့်အတူ သံရုံး ဒုတိယအကြီးအကဲ Ms. Kisten Bauer နှင့် စစ်သံမှူး Colonel James McAden တို့တက်ရောက် ကြပြီး တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် သံအမတ်ကြီး တို့သည် အဖွဲ့ဝင်များနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment