Pages

Wednesday, April 27, 2016

" သူရဦးရွှေမန်း ၏ စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၁၁)၏ (၄၇)နှစ်မြောက် ကျောင်းဆင်းပွဲနေ့ မေတ္တာမွန် " စာလွှာပါ ဖော်ပြမှုအပေါ် ထုတ်ပြန်ချက်


" သူရဦးရွှေမန်း ၏ စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၁၁)၏ (၄၇)နှစ်မြောက် ကျောင်းဆင်းပွဲနေ့ မေတ္တာမွန် " စာလွှာပါ ဖော်ပြမှုအပေါ် ထုတ်ပြန်ချက်

၁။ ဧပြီ ၂၃ ရက်နေ့တွင် ကျရောက်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၁၁)၏ (၄၇)နှစ်မြောက် ကျောင်းဆင်းပွဲ နှစ်ပတ်လည် အထိမ်းအမှတ် မေတ္တာမွန် စာလွှာကို ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း ၏ တရားဝင် အင်တာနက် လူမှုကွန်ရက် စာမျက်နှာ တွင်ဖော်ပြခဲ့ သလို ၄င်းမေတ္တာမွန် စာလွှာအပေါ် မူတည်၍ သတင်းစာ၊ ဂျာနယ်အချို့တွင် ထပ်မံထည့်သွင်း ရေးသားဖော်ပြ ခဲ့ကြပါသည်။

၂။ အဆိုပါစာပါ ညီနောင်များ (အမေ့သား) သည် စစ်တက္ကသိုလ် ကျောင်းဆင်းများ ကိုသာ သီးသန့်ရည်ညွှန်း သည့်သဘော သက်ရောက် စေသည့်အတွက် လက်ရှိ တာဝန်ထမ်းဆောင် လျက်ရှိသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိများ၊ အငြိမ်းစား ယူပြီးကြသော တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိများနှင့် စစ်မှုထမ်း (လက်ရှိ /အငြိမ်းစား) များ အားလုံးအတွက် သွေးကွဲစေပြီး တပ်မတော် ပြိုကွဲရေးကိုပါ ဦးတည်သက်ရောက် စေသည်ကို တွေ့ရှိရ ပါသည်။

၃။ ပြည်သူများက ရွေးချယ်တာဝန် ပေးအပ်ထားသော အစိုးရအဖွဲ့က တာဝန်ယူ ၊ တာဝန်ခံ ဆောင်ရွက်နေပြီး ထို အစိုးရအဖွဲ့သည် နိုင်ငံတော် ကောင်းအောင် ပြည်သူ့ အကျိုးစီးပွား ဖြစ်ထွန်းအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း ဖော်ပြချက် သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် သမိုင်းကြောင်း အရ ပေါ်ပေါက်ခဲ့သော ရွေးချယ် တင်မြှောက်ခံ အစိုးရများ အပါအဝင် အစိုးရ အဆက်ဆက် လက်ထက်တွင် နိုင်ငံတော်နှင့် ပြည်သူ့အတွက် မည်သည့် အကျိုးစီးပွား ကိုမျှ ဖော်ဆောင် လုပ်ကိုင်ပေးခဲ့ခြင်း မရှိသည့်သဘော သက်ရောက် စေသည်ကို တွေ့ရှိရပါသည်။

၎။ တို့ညီနောင်များ ကလည်း ဝမ်းမြောက်ဝမ်းသာ မုဒိတာ တရားဖြင့် ပူးပေါင်း ဆောင်ရွက် ရမည့် အချိန်အခါကောင်း ဖြစ်ပါသည် ဟူသော ဖော်ပြချက်၌ ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ မကျင်းပမီ ကာလနှင့် ရွေးကောက်ပြီး အစိုးရအဖွဲ့ ဖွဲ့စည်းသည့် ကာလတစ်လျှောက် တွင် တပ်မတော်သည် ပြည်သူများက ရွေးချယ်သော အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဟု အစဉ်တစိုက် ပြောဆိုလုပ်ဆောင် ခဲ့သည်များကို လျစ်လျူရှုလျက် တပ်မတော် က ပူးပေါင်း ဆောင်ရွက်မှု မရှိသယောင် မြှောက်ပင့် ပေးသည့် သဘောထားကို သက်ရောက် စေကြောင်း တွေ့ရှိရ ပါသည်။

၅။ သို့ဖြစ်ပါ၍ သူရဦးရွှေမန်း ၏ တရားဝင် အင်တာနက် လူမှုကွန်ရက် စာမျက်နှာ၌ ရေးသား ဖော်ပြချက်များ နှင့် သတင်းစာ၊ ဂျာနယ်အချို့တွင် ထပ်ဆင့်ရေးသား ဖော်ပြချက်များ သည် နိုင်ငံနှင့် ပြည်သူလူထု ၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ခြင်း မရှိဘဲ တပ်မတော် ပြိုကွဲရေး၊ အစိုးရ အဆက်ဆက်၏ နိုင်ငံတော် အတွက် လုပ်ဆောင်ချက်များ နှင့် တပ်မတော်၏ ရပ်တည်ချက်၊ လုပ်ဆောင်ချက် များအပေါ် ပြည်သူများက အထင်မှား အမြင်မှား ဖြစ်စေနိုင်ပြီး အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ရည်မှန်းချက်ကို ထိခိုက်စေနိုင်သည့် အတွက် ကန့်ကွက် ပါကြောင်း ဖော်ပြအပ် ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
၂၀၁၆ ခုနှစ် ၊ ဧပြီလ ၂၆ ရက်

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment