Pages

Thursday, April 21, 2016

အသစ်ဖွင့်ခွင့်ရ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ စာရင်းကို ယခုနှစ်မေလအတွင်း ထုတ်ပြန်ကြေညာမည်



ရန်ကုန် ၊ ၂၁-၄-၂၀၁၆

အသစ် ဖွင့်လှစ်ခွင့်ရ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများစာရင်းကို ယခုနှစ် မေလအတွင်း ထုတ်ပြန်ကြေညာ ပေးမည်ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်လိုသူ များကို ဇန်နဝါရီ ၁၁ ရက်မှ ၂၉ ရက်အထိ သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံး များ၌ သတ်မှတ်ချက် နှင့်အညီ လျှောက်ထားခွင့်ပြု ခဲ့ပြီး အရည်အသွေး ပြည့်မီသော ကျောင်းများကို စမ်းသပ်ကာလ တစ်နှစ်ဖြင့် ကိုယ်ပိုင်ကျောင်း လိုင်စင်ပေးမည် ဖြစ်သည်။

''ကျောင်းဖွင့်ချိန် မတိုင်မီ ထုတ်ပြန်ပေး နိုင်အောင် လုပ်နေပါတယ်။ လျှောက်ထားတဲ့ ကျောင်း အရေအတွက် ကတော့ ၁ဝဝ ကျော်ပါတယ်''ဟု ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေကို ၂ဝ၁၁ ခုနှစ်တွင် ပြဋ္ဌာန်းပေး ခဲ့ပြီး ၂ဝ၁၂ ခုနှစ် ဧပြီလတွင် နည်းဥပဒေ ထပ်မံ ပြဋ္ဌာန်းပေးခဲ့ရာ လိုင်စင်များလည်း ပေးအပ် ခဲ့ပြီးဖြစ်သည်။ ၄င်း သတ်မှတ်ချက် အရ ယာယီ လိုင်စင် နှစ်နှစ်၊ ငါးနှစ် သက်တမ်းတိုး လိုင်စင်များ ချထားပေးပြီး ပညာရေး ဝန်ကြီးဌာန မှလည်း ကိုယ်ပိုင်ကျောင်း ကြီးကြပ်ရေးအဖွဲ့ ကိုဖွဲ့စည်းကာ စည်းကမ်းချက်များ လိုက်နာမှု ရှိ၊ မရှိ စစ်ဆေးခြင်းနှင့် လိုင်စင်သက်တမ်း တိုးခြင်း၊ အသစ် ဖွင့်လှစ်ခြင်း၊ ပုဂ္ဂလိက ကျောင်းသား အဖြစ် ရပ်တည်နိုင်ရေး ဆရာဖြစ် လိုင်စင်များ ချထားပေးခြင်းတို့ ဆောင်ရွက်လျက် ရှိသည်။

ထို့ပြင် ပညာရေး ဝန်ကြီးဌာနမှ ထပ်ဆောင်း သင်ခန်းစာများ အတွက် စစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ခြင်း၊ ထပ်ဆောင်း သင်ခန်းစာများကို စိစစ်၍ သဘောထား မှတ်ချက်ဖြင့် ဝန်ကြီးဌာနသို့ တင်ပြရခြင်း၊ ဝန်ကြီးဌာန ၏ သဘောထား မှတ်ချက်အား ဆက်လက် အကြောင်းကြားခြင်း၊ ကိုယ်ပိုင်ကျောင်း၏ သင်ကြားမှုနှင့် စပ်လျဉ်း၍ သတ်မှတ်ချက် များနှင့် ညီညွတ်မှုရှိ၊ မရှိ အခါ အားလျော်စွာ စစ်ဆေးစေခြင်း၊ ကိုယ်ပိုင်ကျောင်း ဆရာနှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ၏ ဆုံးဖြတ်ချက် အပေါ်အယူ ခံမှုကို အဆုံးအဖြတ် ပေးခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment