Pages

Friday, April 1, 2016

ခရီးသွားများအတွက် စိတ်ဝင်စားဖွယ် လည်ပတ်စရာ မိုးယွန်းကြီးအင်း



ပဲခူး ၊ ၁-၄-၂၀၁၆

မိုးယွန်းကြီးအင်း ဘေးမဲ့တော သည် ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့နယ် နှင့် ဝေါမြို့နယ် အတွင်း၌ တည်ရှိပြီး ၁၉၈၇ ခုနှစ် ပဲခူး-စစ်တောင်း တူးမြောင်းအတွင်း နွေရာသီတွင် သစ်ဖောင် မျောနိုင်ရန် အတွက်နှင့် ရေလှောင် နိုင်ရန်တို့ အတွက် တည်ဆောက် ခဲ့ရာမှ နှစ်ကာလ ကြာရှည် လာသည်နဲ့အမျှ သဘာဝ အင်းအဖြစ် ပြောင်းလဲ တည်ရှိခဲ့သည်။ ၁၉၈၈ ခုနှစ် ဧပြီ ၂၂ ရက်တွင် မိုးယွန်းကြီးအင်း အဖြစ် သစ်တော ဦးစီးဌာနက သတ်မှတ် ကြေညာ ခဲ့သည်။

မြန်မာနိုင်ငံ၏ ပထမဦးဆုံး ရေတိမ်ဒေသ ထိန်းသိမ်းရေး နယ်မြေ ကမ္ဘာ့ရေကြည် ထိန်းသိမ်းရမည့် ရေတိမ်ဒေသ အဖြစ် အသိအမှတ်ပြု ထားသော နေရာတစ်ခု ဖြစ်သည်။ ဧရိယာ စတုရန်းမိုင် ၄ဝ ကျယ်ဝန်းပြီး ပဲခူးရိုးမ အရှေ့ဘက် မြေနိမ့်ရေဝပ် ဒေသနှင့် သဲနုန်းမြေ အမျိုးအစား ဖြစ်သည်။ မိုးများသော ဒေသဖြစ်ပြီး တစ်နှစ်လျှင် ပျမ်းမျှ မိုးရေချိန် ၁ဝ၃ လက်မ ရှိသည်။ နွေရာသီတွင် ပူပြင်း ခြောက်သွေ့ပြီး အမြင့်ဆုံး အပူချိန် ၃၉ ဒသမ ၅ ဒီဂရီ စင်တီဂရိတ် ရှိသည်။

မိုးယွန်းကြီးအင်းသည် သဘာဝအခြေခံ ခရီးသွား လုပ်ငန်းကို လုပ်ကိုင် နိုင်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းသည့် အပိုင်းတွင် ကျွန်းပေါင်း ၁၇ ကျွန်း တည်ဆောက် ထားပြီး အဆိုပါ ကျွန်းများပေါ်တွင် ငှက်များ နားနေနိုင်ရန် အတွက် ရေရှည်ခံသော အပင်များ စိုက်ပျိုး ထားကြောင်း သိရသည်။

ရေတိမ်ဒေသ ပညာပေးပြခန်း ကိုလည်း ပြည်တွင်း၊ ပြည်ပနှင့် ဒေသခံ ပြည်သူတွေ လာရောက် လေ့လာနိုင်ရန် အတွက် ဖွင့်လှစ် ထားကြောင်း၊ အဆိုပါ ပြခန်းတွင် ဘေးမဲ့တော အကြောင်း၊ ငှက်များ ပျံသန်းရာ လမ်းကြောင်းများ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြောင်းနှင့် ဇီဝမျိုးစေ့မျိုးကွဲ များအကြောင်း တို့ကို ပြသ ထားသည်။

မိုးယွန်းကြီးအင်း တွင် ငှက်များနားခို နိုင်သော ကျွန်းစုလေးများ၊ ရေနေပင် အမျိုးအစား ၄၉ မျိုး ပေါက်ရောက်လျက် ရှိသည်။ ငါးမျိုးစိတ်ပေါင်း ၃ဝ မျိုးနှင့် ကုန်းနေ၊ ရေနေ တွားသွား သတ္တဝါများ နေထိုင်ကျက်စား ကြသည်။ 

မိုးယွန်းကြီးအင်း ပတ်ဝန်းကျင်တွင် ကျေးရွာပေါင်း ၁၇ ရွာ၊ လူဦးရေပေါင်း ငါးသောင်းကျော် ခန့်နေထိုင် ကြသည်။ ဒေသခံများသည် စားဝတ် နေရေးအတွက် အင်းကြီးကို အမှီပြုကာ စိုက်ပျိုးရေး လုပ်ငန်း၊ ငါးဖမ်းခြင်း လုပ်ငန်း၊ ကြာသင်္ကန်း ရက်လုပ်ခြင်း လုပ်ငန်းတို့ကို လုပ်ကိုင် ကြသည်။

မိုးယွန်းကြီးအင်း သည် ခရီးသွားများ အတွက် လှည့်လည်ကြည့်ရှု ယာဉ်များ ထားရှိပြီး ဟိုတယ်များ၌ တည်းခိုရင်း ညနေခင်း ဆည်းဆာအလှ ကို ကြည့်ရှုခံစား နိုင်သည့်အတွက် လေ့လာ လည်ပတ်ရန် ကောင်းသော ဒေသ ဖြစ်ကြောင်း သိရသည်။

အိအိပိုင် ၊ အိသဲဖြူ

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment