Pages

Tuesday, March 29, 2016

Body Scrub နှင့် အသားအရေ ထိန်းသိမ်းမည်



ဒေါက်တာ အေးမင်းထူး

Scrub ဆိုတာ အပေါ်ယံ အရေပြားကို ကွာစေတဲ့ ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ Scrub ထဲမှ ခပ်ကြမ်းကြမ်း သဲလို ပစ္စည်းတစ်မျိုး ပါရတယ်။ ဒါမှ ပျက်စီးနေတဲ့ အပေါ်ယံ အရေပြားကို ကွာကျစေမှာ ဖြစ်ပါတယ်။ လူ့အရေပြားမှာ အပေါ်ယံ (Epidermis) နဲ့ အောက်လွှာ (Dermis) ဆိုပြီး နှစ်လွှာရှိတယ်။ အရေပြား သဘောက နေ့စဉ်နဲ့အမျှ ပျက်စီးနေတယ်။ ဒါပေမဲ့ ပျက်စီးသမျှ အပေါ်လွှာ (Epidermis) ကို အောက်လွှာ (Dermis) က ဆဲလ်သစ်တွေနဲ့ အမြဲ ဖြည့်ဆည်းပေး နေရတယ်။ ပုံမှန်အားဖြင့် အပေါ်လွှာက တစ်လမှာ တစ်ခါ အရေပြားသစ် ပြောင်းလဲလေ့ရှိတယ်။ ဆဲလ်သေတွေ ရှိတဲ့ အသားအရေက ကြမ်းတမ်း နေတတ်တယ်။ ပတ်ဝန်းကျင် ညစ်ညမ်းမှု ဒဏ်ကိုခံရတဲ့ အခါ အပေါ်လွှာ ပျက်စီးလာတာနဲ့ အောက်လွှာက အသစ်အသစ်သော ဆဲလ်တွေကို အမြဲထုတ်ပေး နေတယ်။

Scrub ဆိုတာ ပျက်စီးနေတဲ့ အပေါ်ယံ ဆဲလ်လွှာကို အမြန်ဆုံး ဖယ်ရှားပေးတာ ဖြစ်ပါတယ်။ ဆဲလ်သစ်တွေ ရှိတဲ့မျက်နှာဟာ အမြဲနုပျို ချောမွေ့နေတယ်။ အမည်းစက်၊ အမာရွတ် တွေကို ကင်းစင်စေတယ်။

အိမ်သုံး Scrub လုပ်နည်း

(၁) မုန့်ဖုတ်ဆိုဒါ

ဆိုဒါ က ဆဲလ်သေတွေ ဖယ်ရှားရာမှာ အသုံးအများဆုံး ပစ္စည်း ဖြစ်ပါတယ်။ နေ့စဉ် မျက်နှာသစ် ရာမှာ မုန့်ဖုတ်ဆိုဒါ ထမင်းစားဇွန်း တစ်ဇွန်းစာလောက် လက်ဖဝါးထဲ ထည့်ပြီး မျက်နှာသစ် ဆပ်ပြာနဲ့ သုံးရုံနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေး နိုင်တယ်။ သုံးတဲ့အခါ လက်ဖဝါးကို စက်ဝိုင်းပုံ ပွတ်တိုက်ပေးရမှာ ဖြစ်ပါတယ်။ သွားတွေမှာလဲ အစွန်း အထင်းတွေ၊ ဝါညစ် နေတာတွေကို ဖယ်ရှားချင်တဲ့ အခါ သွားတိုက်ဆေးထဲ ထည့်ပြီး သုံးနိုင်တယ်။

(၂) သကြား

Scrub လုပ်ရာမှာ အသုံးဝင်တယ်။ Glycolic Acid ပါတယ်။ ဆဲလ်သစ်တွေကို ပွားများစေပြီး ဆဲလ်ဟောင်း တွေကို ပျက်စီးစေတယ်။ သကြားခဲလေး တွေကို သံလွင်ဆီ၊ Jojoba ဆီ ဒါမှမဟုတ် ဗာဒံဆီတို့နဲ့ ရောပြီး မျက်နှာကို ပွတ်ပေးရမှာ ဖြစ်ပါတယ်။ ၅ မိနစ်လောက် ထားပြီး ရေနွေးနဲ့ မျက်နှာ ပြန်သစ်ပါ။ အမည်းစက် ကင်းစင်တဲ့ မျက်နှာမျိုး ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

(၃) ပင်လယ်ဆား

ပင်လယ်ဆား ထဲမှာ သတ္တုဓာတ် များစွာပါတယ်။ အရေပြားကို နုပျိုပြီး အစိုဓာတ်ကို ထိန်းတယ်။ အရေပြား ခြောက်သွေ့သူ တွေအတွက် အထူး ကောင်းမွန်တယ်။ ဆားကို လာဗင်ဒါဆီ နဲ့ အရင်ရောပါ။ ပြီးရင် မိမိနှစ်သက်ရာ ဗာဒံဆီ၊ သံလွင်ဆီ၊ Jojoba ဆီ တစ်မျိုးမျိုးနဲ့ ထပ်ရောပါ။ မျက်နှာကို စက်ဝိုင်းပုံ လိမ်းပြီး ၅ မိနစ်လောက် ထားပါ။ ပြီးရင် ရေနွေးနဲ့ မျက်နှာပြန် သစ်ပါ။

(၄) အုတ်ဂျုံမှုန့်

Sensitive သိပ်ဖြစ်တဲ့ အရေပြားမှာ အုတ်ဂျုံမှုန့် ကိုသာ သုံးသင့်တယ်။ အုတ်ဂျုံက သိပ်မကြမ်းဘူး နူးညံ့တယ်။ အရေပြားကို ချောမွေ့စေတယ်။ အစိုဓာတ်လဲ ထိန်းတယ်။ အုတ်ဂျုံကို ပျားရည် ဒါမှမဟုတ် Kefir ဒါမှမဟုတ် ဒိန်ချဉ် တစ်မျိုးမျိုးနဲ့ ရောပြီး မျက်နှာကို ခပ်ဖွဖွ ပွတ်လိမ်းပေးပါ။ ၁၅ မိနစ်လောက် ထားပြီး ထုံးစံအတိုင်း ကြက်သီးနွေး ရေနဲ့ ဆေးကြောပါ။ မကြာခင် သန့်စင် ကြည်လင်တဲ့ မျက်နှာလေး ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ 

Scrub လုပ်ရာမှာ အသုံးဝင်တဲ့ ပစ္စည်းနှစ်မျိုးက Kefir နဲ့ ပျားရည် ဖြစ်ပါတယ်။ Kefir ဆိုတာ ဒိန်ချဉ်လို နို့ထွက်ပစ္စည်းကို အချဉ်ဖောက်ထား တာပါ။ ဒိန်ချဉ်ထက် ပိုကောင်းတာက Kefir ထဲမှာ လက်တစ်အက်စစ် ပါတယ်။  ဒိန်ချဉ်နဲ့ တူပေမယ့် ဗက်တီးရီးယား ပါဝင်မှုက ပုံမှန်ထက် အဆ ၄ဝ ပိုများတယ်။ အာနိသင်က အစိုဓာတ် ထိန်းပြီး အရေပြားကို ချောမွေ့နူးညံ့ စေတယ်။

ပျားရည်က အသားအရေကို ပြုပြင်ပေးတယ်။ အထဲမှာ ဓာတုဓာတ် စုံလင်စွာ ပါတယ်။ ပိုးသတ်တဲ့ အာနိသင်ရှိလို့ ဝက်ခြံ အနာမှာ သုံးနိုင်တယ်။ အမိုင်နိုအက်စစ် ကြွယ်ဝစွာ ပါလို့ ဝက်ခြံ အမာရွတ်ကို ကင်းစင်စေတယ်။ အစိုဓာတ်ကိုလည်း ထိန်းပေးတယ်။ ပျားရည်ကို တခြား Exfoliants (ဆဲလ်သေ ဖယ်ရှားပေးတဲ့ ပစ္စည်း) တစ်မျိုးမျိုးနဲ့ တွဲသုံးရင် အာနိသင် ပိုကောင်းတယ်။ အရေပြား ကိုလည်း နူးညံ့ စေတာမို့ အိမ်သုံး Scrub လုပ်တဲ့အခါ ထည့်သုံးသင့်တယ်။

ရတနာပုံနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment