Pages

Tuesday, March 8, 2016

အာကာသတွင် တစ်နှစ်ကြာ နေထိုင်ခဲ့သည့် အာကာသယာဉ်မှူး အရပ်ငါးစင်တီမီတာ ပိုရှည်လာသည်ဟု နာဆာက ထုတ်ပြန်


အမေရိကန်အာကာသ ယာဉ်မှူး စကော့ကယ်လီ

ဝါရှင်တန် ၊ ၈-၃-၂၀၁၆

အာကာသစခန်း၌ ဆွဲငင်အားမဲ့ ရပ်ဝန်းတွင် နေထိုင်၍ ခန္ခာကိုယ်၌ ဖြစ်ပေါ်နိုင်သည့် ပြောင်းလဲမှု များကို စူးစမ်း လေ့လာရန် စေလွှတ်ခဲ့သည့် အာကာသ ယာဉ်မှူး စကော့ကယ်လီ သည် အရပ် ငါးစင်တီမီတာ ပိုရှည်လာ သည်ဟု နာဆာက ထုတ်ပြန် ခဲ့သည်။

ထိုသို့ စူးစမ်း လေ့လာရန် အမေရိကန် အာကာသ ယာဉ်မှူး စကော့ကယ်လီ ကို နိုင်ငံတကာ အာကာသစခန်း ပေါ်သို့  စေလွှတ်ခဲ့ရာ ယခုအခါ တစ်နှစ်ပြည့် သွားပြီ ဖြစ်သဖြင့် ကမ္ဘာမြေပြင်သို့ အောင်မြင်စွာ ပြန်လည် ရောက်နေပြီ ဖြစ်သည်။

နာဆာ အာကာသယာဉ်မှူး စကော့ကယ်လီ သည် နိုင်ငံတကာ အာကာသစခန်းတွင် ပထမဆုံး အကြိမ်အဖြစ် ရက်ပေါင်း ၃၄ဝ နေထိုင်ကာ ဆွဲငင်အားမဲ့ ရပ်ဝန်းတွင် အချိန် အကြာဆုံး နေထိုင်သူ အဖြစ် စံချိန်သစ် တင်နိုင်ခဲ့ခြင်း ဖြစ်သည်။ နာဆာ အနေဖြင့်လည်း အာကာသတွင် ကာလ ရှည်ကြာစွာ နေထိုင်ခြင်းဖြင့် လူ့စိတ်နှင့် ခန္ဓာကိုယ်တွင် ဖြစ်ပွား လာနိုင်သော ပြောင်းလဲမှု များကို လေ့လာရန် ဖြစ်ပြီး ရရှိသော တွေ့ရှိချက် များကို အင်္ဂါဂြိုဟ် ခရီးစဉ်သို့ လိုက်ပါမည့် ခရီးသည်များ အတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

စကော့ကယ်လီ နှင့် မစ်ခိုင်း ကော်နီယင်ကို တို့သည် မတ် ၁ ရက်က ကမ္ဘာမြေပြင် သို့ ပြန်လည် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ၄င်းတို့၏ ကိုယ်စိတ်ခန္ဓာ ပြောင်းလဲခဲ့မှု များကို ကမ္ဘာမြေပြင် တွင် ဆက်လက် စူးစမ်းလေ့လာ သွားမည် ဖြစ်ကြောင်း၊ တာဝန်ရှိ သူများက မတ် ၄ ရက်ကလည်း အာကာသတွင် တစ်နှစ်အကြာ ခရီးစဉ်နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး NASA TV မှတိုက်ရိုက် ထုတ်လွှင့်ပြသ ခြင်းနှင့် Ask Me Anything အစီအစဉ်ဖြင့် မေးခွန်းများကို ဖြေကြားခြင်းများ ပြုလုပ်ခဲ့ သေးကြောင်း သိရသည်။

ဆွဲငင်အားမဲ့ ရပ်ဝန်းကြောင့် စကော့ကယ်လီ သည်အရပ် ငါးစင်တီမီတာ ရှည်လာသည်ဟု နာဆာမှ သတင်းထုတ်ပြန် ခဲ့ခြင်းမှအပ အခြား အသေးစိတ် အချက်အလက် များကို ထုတ်ပြန် ကြေညာခြင်း မရှိသေးကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment