Pages

Thursday, March 31, 2016

ပြင်ဦးလွင်မြို့ တပ်မတော်ဆေးရုံ၌ စတုတ္ထအကြိမ်မြောက် ကျောက်ကပ် အစားထိုး ကုသမှုကို အောင်မြင်စွာ ခွဲစိတ်ကုသ


ပြင်ဦးလွင်မြို့ တပ်မတော်ဆေးရုံ၌ စတုတ္ထအကြိမ် ကျောက်ကပ် အစားထိုးကုသစဉ်

နေပြည်တော် ၊ ၃၁-၃-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့ တပ်မတော်ဆေးရုံ၌ ယမန်နေ့တွင် စတုတ္ထအကြိမ်မြောက် ကျောက်ကပ် အစားထိုး ကုသမှုများကို အောင်မြင်စွာ ခွဲစိတ်ကုသ နိုင်ခဲ့သည်။

ထိုသို့ ကျောက်ကပ်ခွဲစိတ် ကုသမှုတွင် ကျောက်ကပ် အလှူရှင်ဖြစ်သူ ဒေါ်စန်းစန်းဝင်း ၅၅ နှစ်က မောင်ဖြစ်သူ ဦးသက်နိုင်ဦး ၄၉ နှစ်ထံသို့ လည်းကောင်း၊ မနှင်းရီ ၃၈ နှစ်က အစ်ကိုဖြစ်သူ ဦးလှရွှေ ၄ဝ နှစ်ထံသို့ လည်းကောင်း ကျောက်ကပ်လှူဒါန်း ခဲ့ခြင်း ဖြစ်ပြီး ကျောက်ကပ် အစားထိုး ကုသမှုကို ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ခွဲစိတ် ပါရဂူ ဗိုလ်မှူးကြီး မျိုးသန့်နှင့် ဂုဏ်ထူးဆောင် ပါမောက္ခ ဦးသန်းအေး တို့မှ ဦးဆောင်၍ အောင်မြင်စွာ ခွဲစိတ်ကုသ ခဲ့သည်။

အဆိုပါဆေးရုံ၌ ပထမအကြိမ် ကျောက်ကပ် အစားထိုး ကုသမှုကို ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် လည်းကောင်း၊ ဒုတိယအကြိမ် ကျောက်ကပ် အစားထိုး ကုသမှုကို ၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလတွင် လည်းကောင်း၊ တတိယအကြိမ် ကျောက်ကပ် အစားထိုး ကုသမှုကို ၂ဝ၁၅ ခုနှစ်၊ မတ်လတွင် လည်းကောင်း အောင်မြင်စွာ ခွဲစိတ်ကုသ နိုင်ခဲ့သည်။

အကြောင်း အမျိုးမျိုးကြောင့် ကျောက်ကပ် ပျက်စီးသော လူနာများသည် ကျောက်ကပ် ဆေးခြင်းကို ပျမ်းမျှတစ်ပတ်လျှင် နှစ်ကြိမ် ပြုလုပ်ရကြောင်း၊ ကျောက်ကပ် အစားထိုး ကုသမှု ဆောင်ရွက်မှသာ လူနာ၏ Quality of Life တက်လာပြီး ကျောက်ကပ် ဆေးကြောခြင်း မပြုလုပ်ရသည် အထိ ကောင်းမွန်လာမည် ဖြစ်ကြောင်း၊ ကျောက်ကပ် ပျက်စီးသော လူနာများ များပြားလာသည်နှင့် အမျှ ကျောက်ကပ် လှူဒါန်းရန် လိုအပ် လာကြောင်းနှင့် ကျောက်ကပ် အစားထိုးကုသ နိုင်သော ဆေးရုံများလည်း လိုအပ်လာကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

#Themyawadydaily

No comments:

Post a Comment