Pages

Tuesday, March 1, 2016

မဟာဗောဓိတထောင် ထိုင်တော်မှုရုပ်ပွားတော် အနေကဇာတင်ပွဲကို လာမည့် ဒီဇင်ဘာလအတွင်း ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်



မုံရွာ ၊ ၁-၃-၂၀၁၆

မဟာဗောဓိ တထောင် ဆရာတော် ဘုရားကြီး ဆန္ဒတော် ရှိခဲ့သော ဗောဓိတထောင် သာသနာ့ နယ်မြေရှိ ဗန္ဓဝတောင် ပေါ်တွင် လေးကျွန်းစင်္ကြာ ထိုင်တော်မူ ဗုဒ္ဓ ရုပ်ပွားတော်ကြီးကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီက စတင် တည်ထား လျက် ရှိရာ ယခုနှစ် ဖေဖော်ဝါရီ လလယ်ခန့် တွင် ရာခိုင်နှုန်း ၆ဝ ခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော် ထံမှ သိရသည်။

''ပလ္လင်တော်၂၇ ပေ အပါအဝင် ရုပ်ပွားတော်ကြီး ဥာဏ်တော်၂ဝ၇ ပေ စုစုပေါင်း ဥာဏ်တော်၂၃၄ ပေ ရှိတဲ့ ထိုင်တော်မူ ရုပ်ပွားတော်ကြီး ကို တည်နေတာ ခန္ဓာကိုယ် အကြမ်းထည် ပြီးသလောက် ရှိနေပါပြီ။ အခုရက်ပိုင်း အတွင်းမှာပဲ ရုပ်ပွားတော် ကြီးရဲ့ ဦးခေါင်းတော်မို စတင်နေပါပြီ။ ခန္ဓာကိုယ်တော် အပြီးနဲ့ ဦးခေါင်းတော် အပြီး အံကျချိန် တည်ဆောက် နေတာ ဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာလ ၂ ရက်မှာ ကျရောက်တဲ့ ဆရာတော်ကြီး ဘဝနတ်ထံ စံမြန်း တော်မူခြင်း ၁ဝ နှစ်ပြည့်မှာ ဌာပနာသွန်း ဘုရား အနေကဇာတင် ဆောင်ရွက်နိုင်ဖို့ ဗောဓိတထောင် လက်ရှိ ဆရာတော် သံဃာတော်များနဲ့ ဆောင်ရွက် နေပါတယ်''ဟု ဦးစိုးစိုးဇော် က ပြောပြသည်။ 

မဟာ ဗောဓိတထောင် ဆရာတော် ကြီးသည် အများကုသိုလ် ပြုရန် သာသနာ့ခရီး ဇွဲလုံ့လကြီးစွာ ဖြင့် လျောင်းတော်မူ၊ ရပ်တော်မူ ရုပ်ပွားတော်မြတ် ကြီးများကို တည်ထားကိုးကွယ် ရုံသာမက ထိုင်တော်မူ ရုပ်ပွားတော် မြတ်ကြီးကို တည်ထားရန် ဆန္ဒရှိခဲ့ရာ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် ပန္နက်တင် မင်္ဂလာပြုလုပ်ပြီး ၂ဝ၁၄ ခုနှစ် ဧပြီ ၁၇ ရက်ကစ၍ တည်ထားမှု များကို စတင်ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ဉာဏ်တော် ၂၃၄ ပေရှိ ထိုင်တော်မူ ရုပ်ပွားတော် ကြီးတွင် အထပ် ၁ ထပ်ပါဝင်ပြီး ကျပ်သိန်း ၇၅ဝ ကုန်ကျမည်ဟု မှန်းထားသော ဦးခေါင်းတော် ကြီးကိုစတင် မိုသွန်းလောင်း နေပြီဖြစ်သည်။

ဗောဓိတထောင် ဆရာတော် ကြီးသည် ဖိုးခေါင်တောင်ခြေ တွင် ပေ ၃ဝဝ ရှိ လျောင်းတော်မူ ရုပ်ပွားတော် ကြီးကို ၁၉၉၁ ခုဇန်နဝါရီ ၈ ရက်တွင် ပန္နက်တင်၍ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တပို့တွဲ လပြည့်နေ့တွင် အနေကဇာတင် လှူခဲ့သည်။ ထို့ပြင် ရပ်တော်မူ ရုပ်ပွားတော် ကြီးကို အမြင့်ပေ ၁ဝ၅ဝ ရှိတဲ့ ဇီးဖြူတောင်ထိပ် မှာ ၁၉၉၅ ခုနှစ် မေ ၈ ရက် အရုဏ်တက်မှာ ပန္နက်ရိုက်ပြီး အမြင့် ၄၂၄ ပေ အထပ်ပေါင်း ၃၃ ထပ်မြင့်သည့် ရုပ်ပွားတော်ကြီး ကို ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပြီးစီးခဲ့ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၀)

No comments:

Post a Comment