Pages

Thursday, March 17, 2016

ပြဒါးလင်းဂူနှင့် ကမ်းပါးနီဒေသတို့အား ယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်ကာ ခရီးသွားများကို ဆွဲဆောင်မည်



ရွာငံ ၊ ၁၇-၃-၂၀၁၆

ရှမ်းပြည်နယ် ရွာငံမြို့နယ် အတွင်း၌ တွေ့ရှိထားသော ပြဒါးလင်းဂူနှင့် အသစ် တွေ့ရှိ ထားသည့် ကျောက်ခေတ်နံရံ ပန်းချီများ တည်ရှိရာ ကမ်းပါးနီဒေသ တို့အား ယဉ်ကျေးမှုဇုန် နယ်မြေအဖြစ် သတ်မှတ်ကာ ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များ အား ဆွဲဆောင်သွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သိရသည်။

ပြဒါးလင်းဂူတွင် ရေးဆွဲထားသည့် ဂူနံရံပန်းချီ လက်ရာများ ကဲ့သို့ ကျောက်ခေတ် လူသားများ ရေးဆွဲမှတ်ထား ခဲ့သော ကမ်းပါးနီ ဒေသရှိ ထုံးကျောက်ဂူ နံရံများသည် ပြင်သစ်နိုင်ငံနှင့် စပိန်နိုင်ငံ မြောက်ပိုင်း၊ အင်ဒိုချိုင်းနားနှင့် မလေးရှားနိုင်ငံ တို့၌ တည်ရှိနေသည့် ထုံးကျောက် ဂူနံရံပန်းချီ များနှင့် ထပ်တူနီးပါး ဖြစ်သည်။ မြန်မာနိုင်ငံ ရှိ ရှေးဟောင်းဂူ အတွင်း ကျောက်လက်နက် များအား စနစ်တကျ တူးဖော်ရရှိ ခဲ့ခြင်း နှင့် နံရံပန်းချီများ တွေ့ရှိရာ ပထမဆုံးဒေသ လည်း ဖြစ်သည်။

အဆိုပါ ပြဒါးလင်းဂူအား ယဉ်ကျေးမှုဇုန် နယ်မြေအဖြစ် သတ်မှတ်ပြီး အမှတ်အသား ကျောက်တိုင် စိုက်ထူသွားမည် ဖြစ်ကာ လာမည့် ဘဏ္ဍာနှစ် အတွင်း စတင်မည် ဖြစ်သည်။ ပြဒါးလင်းဂူ အတွင်း လာရောက် လေ့လာသူ များ၏ အမှတ်အသား စာများ၊ ရေးသားထား ချက်များကို ဓာတုဆေး၊ ထုံးနှင့် ပြန်ဖျက်ထား ရသဖြင့် ယင်းကဲ့သို့ အပြုအမူ များအား မပြုလုပ်ကြရန် သတိပေးစာများ ထုတ်ပြန် ထားကြောင်း သိရသည်။

ယင်းဂူအား တွေ့ရှိရာတွင် ဓာတုဗေဒ နည်းစနစ်များဖြင့် နယူးဇီလန် နိုင်ငံ၌ ပေးပို့စမ်းသပ်ချက် များအရ ပြီးခဲ့သော နှစ်ပေါင်း ၁၃၄ဝဝ ခန့် ကတည်းက တည်ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ဂူနံရံပန်းချီ များအား စစ်ဆေးရာတွင် နှစ်ပေါင်း ၁၁ဝဝဝ မှ ၂ဝဝဝဝ အတွင်း ရေးဆွဲ မှတ်တမ်းတင် ခဲ့ကြောင်း ပညာရှင်များက ပြောသည်။

ယင်း ပြဒါးလင်းဂူ အား ၁၉၆၁ ခုနှစ်က ဘူမိဗေဒ ပညာရှင် ဦးခင်မောင်ကျော် က စတင်တွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး ပြဒါးလင်းဂူ အမှတ်(၁)တွင် တူးဖော်မှုများ အရ ကျောက်ခေတ်သုံး လက်နက်များ ၁၆ဝဝ ကျော်၊ ဂူနံရံဆေးရေး ပန်းချီ ၁၂ ပုံနှင့် အရိုးစုများ တူးဖော်တွေ့ရှိ ခဲ့ကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment