Pages

Thursday, March 17, 2016

ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ ဖြေရှင်းရန် ရုရှား ခင်းပေးသည့်လမ်းကို ဆီးရီးယား ဆက်လက် လျှောက်လှမ်းနိုင်မှာလား . . ? ?


Taking the Initiative: Only Russia Has a Realistic Peace Plan for Syria
( နိုင်ထူး )

ရုရှား အစိုးရသည် ဆီးရီးယား လက်နက်ကိုင် ပဋိပက္ခကို နိုင်ငံရေး အရ ဖြေရှင်းရန် လမ်းခင်းပေးသည့် အနေဖြင့် ယင်းနိုင်ငံ အတွင်းရှိ လေယာဉ်များ နှင့် လေတပ် တပ်ဖွဲ့ဝင် များကို ပြန်လည် ရုပ်သိမ်း လိုက်ပြီဖြစ်သည်။ ဆီးရီးယားနိုင်ငံ အတွင်းမှ ရုရှားတပ် များကို ယခုကဲ့သို့ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာ စေခဲ့ခြင်းသည် သမ္မတ ဗလာဒီမာပူတင် ၏ အောင်မြင်သည့် မဟာဗျူဟာ တစ်ရပ်ဟု ရှုမြင် နိုင်သည်။

ရုရှား အစိုးရသည် ဆီးရီးယား အစိုးရ၏ တရားဝင် တောင်းဆိုချက် အရ ယင်းနိုင်ငံ အတွင်းရှိ အကြမ်းဖက် အဖွဲ့အစည်း များကို ၂ဝ၁၅ ခုနှစ် စက်တင်ဘာလ မှစ၍ လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ ဆီးရီးယား ပဋိပက္ခ အတွင်းသို့ ရုရှားဝင်ရောက် လာပြီး ချိန်မှစ၍ အဖွဲ့အစည်း ပေါင်းများစွာနှင့် ရင်ဆိုင် တိုက်ခိုက် နေရသည့် အစိုးရတပ်များ ၏ စစ်ရေးမှာ အသာစီး ရရှိလာခဲ့သည့် အပြင် ရုရှား တိုက်လေယာဉ် များ၏ လေကြောင်း ပစ်ကူမှုကြောင့် ဆီးရီးယား တပ်များနှင့် ၄င်းတို့၏ မဟာမိတ်များ ဖြစ်သည့် ဆီးရီးယား ကာ့ဒ်တပ်များမှာ ISIS အပါအဝင် တခြား စစ်သွေးကြွ များ သိမ်းပိုက် ထားသည့် ပိုင်နက်များကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့သည်။ ရုရှား တိုက်လေယာဉ် များသည် ဆီးရီးယား နိုင်ငံ အတွင်း၌ ပျံသန်းမှု အကြိမ်ပေါင်း ၉ဝဝဝ ကျော် လုပ်ဆောင်ခဲ့ပြီး စစ်သွေးကြွ များ၏ ပစ်မှတ်များ အပေါ် လေကြောင်းမှ တိုက်ခိုက် ခဲ့သည်။ ယင်း တိုက်ခိုက်မှုများ အတွင်း တိုက်လေယာဉ် များသည် တရားမဝင် ရေနံ ရောင်းချခြင်းဖြင့် အကြီးအကျယ် စီးပွားဖြစ် နေသည့် ISIS စစ်သွေးကြွ များ၏ ဘဏ္ဍာရေး စီးဆင်းမှုကို ချည့်နဲ့စေခဲ့ပြီး တချို့ဒေသ များ၌ စစ်သွေးကြွ များ၏ အကျိုးစီးပွားမှာ လုံးဝ ရပ်တန့်ခဲ့ ရသည်။ ထို့ပြင် စစ်သွေးကြွ များထံသို့ လက်နက်များ စီးဆင်းနေသည့် လမ်းကြောင်း တချို့ကိုလည်း ဖျက်ဆီးဟန့်တား နိုင်ခဲ့သည်ကို တွေ့ရသည်။ ဆီးရီးယားတပ် များသည် ရုရှား တိုက်လေယာဉ် များ၏ လေကြောင်း ပစ်ကူဖြင့် မြို့ပေါင်း ၄ဝဝ နှင့် စတုရန်း ကီလိုမီတာ ၁ဝဝဝဝ ကျော်ရှိသည့် ပိုင်နက်နယ်မြေ များကို စစ်သွေးကြွ နှင့် သူပုန်များထံမှ ပြန်လည် သိမ်းပိုက် နိုင်ခဲ့ပြီ ဖြစ်သည်။ တစ်နည်း အားဖြင့် ဆိုရပါမူ ရုရှားနိုင်ငံက ဆီးရီးယား ပဋိပက္ခ အတွင်းသို့ ဝင်ရောက် လာခြင်းသည် စစ်ပွဲ၏ အလှည့်အပြောင်း ကို ဖြစ်ပေါ်စေခဲ့ သည်ဟု နယူးယောက်မြို့ ၌ အခြေစိုက်သည့် နိုင်ငံတကာ ရေးရာ ကောင်စီမှ ကျွမ်းကျင်သူ တစ်ဦးဖြစ်သူ နီကိုလေးပါခိုမော့ခ် က ပြောကြား ထားသည်။

ဆီးရီးယားနိုင်ငံ အတွင်း စစ်ရေးအရ ကြားဝင် ဖျန်ဖြေပေးခဲ့ပြီး နောက်ပိုင်းတွင် သမ္မတ ဘာရှာ အယ်လ်အာဆတ် အား သစ္စာခံသည့် တပ်များက စစ်ရေးအရ အသာစီး ရလာချိန်တွင် ယင်းနိုင်ငံမှ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာသွား နိုင်ခဲ့ခြင်းသည် ရုရှား နိုင်ငံအနေဖြင့် ဒေသတွင်း အင်အားကြီး နိုင်ငံတစ်နိုင်ငံ အဖြစ် သာမကဘဲ စစ်ရေး အင်အားကို ထင်ရှားစွာ ပြသနိုင်သည့် ကမ္ဘာ့  အင်အားကြီး နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်းသက်သေပြသ နိုင်ခဲ့သည်။ 

ဆီးရီးယားနိုင်ငံ အတွင်းမှ ရုရှားတပ်ဖွဲ့ များအား ရုပ်သိမ်း လိုက်ခြင်းသည် ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနနှင့် တပ်မတော်က ချမှတ်ထားသည့် ဦးတည်ချက် များကို ဆီးရီးယားရှိ ရုရှားတပ်ဖွဲ့ဝင် များက ယေဘုယျ အားဖြင့် ပြီးမြောက်အောင် ဆောင်ရွက် နိုင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် က ၄င်း၏ ကာကွယ်ရေး ဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီးတို့ ပါဝင်သော မတ် ၁၄ ရက်တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေး ပွဲ၌ ပြောကြား ခဲ့သည်။

ဆီးရီးယားနိုင်ငံ အတွင်းမှ တပ်များကို ရုရှားသမ္မတ ပူတင်က ပြန်လည် ဆုတ်ခွာရန် အမိန့်ပေး ခဲ့ခြင်းသည် မှန်ကန်သည့် အချိန်ကာလတွင် အသင့်လျော်ဆုံး လုပ်ဆောင် ခဲ့သည့် လုပ်ရပ်တစ်ခု ဖြစ်သည်ဟု အမေရိကန် စစ်သမိုင်း ပညာရှင် တစ်ဦးလည်းဖြစ်၊ အငြိမ်းစား ဗိုလ်မှူးကြီး တစ်ဦးဖြစ်သူ ဒေါက်ဂလက်စ် မက်ဂရီဂေါ် က ပြောကြား ထားသည်။ ရုရှား အစိုးရသည် ဆီးရီးယား အစိုးရအား ဆွန်နီ အစ္စလာမ်မစ် များက ဖြုတ်ချရန် ကြိုးပမ်းမှုကို ရပ်တန့်ပစ် နိုင်ရုံသာမက တစ်ချိန်တည်း မှာပင် ထိန်းသိမ်းရ ခက်ခဲစေသည့် အဖြစ်သို့ ရောက်ရှိ လာစေမည့် တူရကီနှင့် တင်းမာမှု ကိုပါ ထိန်းထိန်း သိမ်းသိမ်း လုပ်ဆောင် နိုင်ခဲ့သည်။ 

ယခုအခါ ရုရှား အစိုးရက ၄င်းတို့၏ တပ်များကို ဆီးရီးယားမှ ပြန်လည်ဆုတ်ခွာ စေခဲ့ခြင်း ကြောင့် ဆီးရီးယား သမ္မတ အာဆတ် အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်လာ ရတော့မည် ဖြစ်သည်။ ယခုအချိန်တွင် အာဆတ် အနေဖြင့် စဉ်းစား ရတော့မည် ဖြစ်သည်။ ၄င်းအနေဖြင့် အာဏာကို ဆက်လက် ထိန်းချုပ်ထား နိုင်ခြင်း မရှိပါက ရုရှားနိုင်ငံက စစ်ရေးအရ အကူအညီ များ ထပ်မံ ပေးအပ်လျှင်ပင် အထောက်အကူ ပြုတော့မည် မဟုတ်ပေ။ ဆီးရီးယား နိုင်ငံ၌ သမ္မတ ရွေးကောက်ပွဲနှင့် ပါလီမန် ရွေးကောက်ပွဲ များကို လာမည့် ၁၈ လ အတွင်း ကုလသမဂ္ဂ အဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျင်းပရန် ဆီးရီးယား ဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် စတက်ဖင် ဒီမစ်စတူရာ က ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက တောင်းဆိုထားပြီး ယင်း ရွေးကောက်ပွဲ များ မကျင်းပမီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များကို ကျင်းပရန် စီစဉ်ထားသည်။ အဆိုပါ ဆွေးနွေးပွဲ များတွင် ဆီးရီးယား အစိုးရ အနေဖြင့် အခက်အခဲ များစွာကြုံတွေ့ ရမည်ဖြစ်သည်။ နိုင်ငံအတွင်း ကြားဖြတ် အစိုးရ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပေးရန် ဆီးရီးယား အတိုက်အခံ များက အစော ပိုင်းတွင် တောင်းဆိုထားပြီး ယင်းကြားဖြတ် အစိုးရအဖွဲ့ တွင် လက်ရှိ သမ္မတ အာဆတ် ပါဝင်မည်ကို အတိုက်အခံ များက မလိုလားပေ။ ဆီးရီးယား ငြိမ်းချမ်းရေး အတွက် အဖြေရှာရန် အမေရိကန်နှင့် ရုရှားအစိုးရ တို့က ယခုနှစ် ဇန်နဝါရီလ အတွင်းက ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပသည့် ဆွေးနွေး ပွဲသို့ တက်ရောက်ရန် သက်ဆိုင်ရာ အဖွဲ့အစည်း များကို ဖျောင်းဖျခဲ့ ကြသည်။ 

ယင်း ဆွေးနွေးပွဲတွင် လုံခြုံရေး ကောင်စီကအတည်ပြု ထောက်ခံပေး ထားသည့် အပစ်အခတ် ရပ်စဲရေး၊ အသွင် ကူးပြောင်းရေး ကာလအပါအဝင် ငြိမ်းချမ်းရေး အတွက် လမ်းပြမြေပုံ နှင့် စပ်လျဉ်း၍ ဆွေးနွေးရန် စီစဉ်ခဲ့ သော်လည်း ဆီးရီးယား အစိုးရတပ် များက အလက်ပိုမြို့ အနီးတစ်ဝိုက် ၌ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် အဆိုပါ ဆွေးနွေးပွဲမှာ ပြင်ဆင်သည့် အဆင့်မှ ဆက်လက ကျင်းပနိုင်ခြင်း မရှိဘဲ ပျက်ခဲ့ရသည်။

သို့သော် အမေရိကန်နှင့် ရုရှားနိုင်ငံတို့က ဆီးရီးယားနိုင်ငံ အတွင်းရှိ တချို့ဒေသ များ၌ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် တစ်ရပ်ကို ထုတ်ပြန်ပြီး ရက်သတ္တနှစ်ပတ် အကြာ ၂ဝ၁၆ ခုနှစ် မတ် ၁၅ ရက်က ဆွေးနွေးပွဲများကို ပြန်လည် ကျင်းပရန် စီစဉ်ပေးခဲ့ ကြသည်။ သို့သော် အဆိုပါ ဆွေးနွေးပွဲတွင် ဆီးရီးယား အစိုးရအဖွဲ့မှ ကိုယ်စားလှယ် အဖွဲ့၊ အတိုက်အခံ အဖွဲ့နှင့် ကုလသမဂ္ဂ အထူးသံတမန် တို့ ပါဝင်ပြီး အစိုးရနှင့် အတိုက်အခံအဖွဲ့ တို့၏ ကိုယ်စားလှယ်များ အကြား တစ်ဆင့်ခံ ဆွေးနွေးခဲ့ကြ သော်လည်း သဘောတူညီချက် ချမှတ်ရန် ဟန့်တားနေသည့် အတားအဆီးများ ရှိနေခြင်းကြောင့် ဆီးရီးယားနိုင်ငံ အတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခကို နိုင်ငံရေးအရ ဖြေရှင်းရန် ရုရှားအစိုးရက ခင်းပေး လိုက်သည့် လမ်းကို ဆီးရီးယား အစိုးရက အောင်မြင်အောင် ဆက်လက်၍ လျှောက် လှမ်းနိုင်ခြင်း ရှိ၊ မရှိကို စိတ်ဝင်တစား စောင့်ကြည့်ရမည် ဖြစ်ပေသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

Russian warplanes leave Syria, raising U.N. hopes for peace talks

No comments:

Post a Comment