Pages

Friday, March 25, 2016

မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်တွင် အင်္ဂလိပ်စာသင်တန်း ၀င်ခွင့်ဖြေဆိုသူ ဦးရေ ၄၀၀၀ ကျော်ရှိဟုဆို



မန္တလေး ၊ ၂၅-၃-၂၀၁၆

မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှု အစီအစဉ်ဖြင့် ဖွင့်လှစ် ပေးနေသည့် သင်တန်းများ ထဲမှ ဒီပလိုမာ ဘွဲ့လက်မှတ် ပေးအပ်မည့် အင်္ဂလိပ်စာ သင်တန်းဝင်ခွင့် အတွက် ဝင်ရောက်ဖြေဆို သူဦးရေ ၄ဝဝဝ ကျော်ရှိခဲ့ကြောင်း မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်မှ သိရသည်။

မန္တလေး နိုင်ငံခြားဘာသာ  တက္ကသိုလ်တွင် ပုံမှန်အစီအစဉ် နှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှု အစီအစဉ် နှစ်မျိုးဖြင့် အထူးပြု ဘာသာရပ်ရှစ်ခု တို့ကို သင်ကြားလျက် ရှိပြီး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှု အစီအစဉ်ဖြင့် သင်ကြားပေးသည့် ဒီပလိုမာ ဘွဲ့လက်မှတ် ပေးအပ်မည့် အင်္ဂလိပ်စာ သင်တန်း အတွက် ဘွဲ့လွန် ၁၃၅၇ ဦး ၊ ဘွဲ့ကြို ၃ဝ၈၇ ဦး စုစုပေါင်း ၄၄၄၄ ဦး ဝင်ရောက်ဖြေဆို ခဲ့ကြကြောင်း၊ အဆိုပါ ဝင်ခွင့်အတွက် အောင်မှတ် သတ်မှတ်ထားခြင်း မရှိဘဲ အမှတ်အများဆုံး ရရှိသူများကို ထိပ်ဆုံးမှထား၍ အစဉ်လိုက် အနေအထားဖြင့် အင်္ဂလိပ်စာ ဌာနရှိ သင်ကြားပေး နိုင်မည့် ဆရာ၊ ဆရာမ အင်အားနှင့် ချိန်ညှိကာ ဖြေဆိုသူများထဲမှ အမှတ်အများဆုံး သူများကိုသာ ရွေးချယ် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အင်္ဂလိပ်စာ သင်တန်းအတွက် ဝင်ခွင့်ဖြေဆိုကြ သူများသည် ယခုလကုန်တွင် အောင်စာရင်း ထွက်ပေးမည် ဖြစ်ပြီး အောင်မြင်သူများ အနေဖြင့် ဧပြီ ၁ ရက်မှစ၍ အခြေခံအဆင့် (Basic) တန်းတက်ရန် လက်ခံသွားမည် ဖြစ်ကြောင်း၊ ဘွဲ့ကြို သင်တန်းသား များအတွက် အခြေခံ၊ အလယ်အလတ် နှင့် အဆင့်မြင့်တန်း ဟူ၍ အဆင့်သုံးဆင့် သတ်မှတ်ထားပြီး ဘွဲ့လွန် သင်တန်းသား များအတွက် အဆင့် ငါးဆင့် သတ်မှတ်ထားကြောင်း၊ ထို့ပြင် ဘာသာစကား သင်တန်းများနှင့် ပတ်သက်၍ မတ်လကုန်တွင် သင်တန်းသားများ ခေါ်ယူရန်ရှိပြီး လာမည့် ဇွန် ၂ ရက်တွင် ဖွင့်လှစ်သွားရန် လျာထားကြောင်း၊ ဒီပလိုမာ ဘွဲ့လက်မှတ် ပေးအပ်မည့် အင်္ဂလိပ်စာ သင်တန်းကို လာမည့် မေ ၇ ရက်တွင် စတင်ဖွင့်လှစ် သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment