Pages

Tuesday, March 22, 2016

နန်းမတော်မယ်နု အုတ်ကျောင်းကို နိုင်ငံတကာခရီးသွားဧည့်သည်များ အထူးစိတ်ဝင်စား


နန်းမတော် မယ်နု အုတ်ကျောင်း

မန္တလေး ၊ ၂၂-၃-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး တံတားဦး မြို့နယ်ရှိ အောင်မြေဘုံစံ အုတ်ကျောင်း (ခ) နန်းမတော် မယ်နု အုတ်ကျောင်းသို့ နွေရာသီ ပူပြင်းသည့် တိုင်အောင် နိုင်ငံတကာ ခရီးသွား ဧည့်သည်များ လာရောက် လေ့လာလျက် ရှိကြောင်း သိရသည်။

နိုင်ငံတကာ ခရီးသွား ဧည့်သည်များမှာ မယ်နုအုတ်ကျောင်း ၏ တည်ဆောက်ပုံ နှင့် ဗိသုကာလက်ရာ များကို အထူး စိတ်ဝင်စား ကြသည်။ ဗဟုသုတ စုံသော ဧည့်လမ်းညွှန် များက အင်းဝနှင့် ပတ်သက်သည့် ရာဇဝင်များ၊ နန်းမတော်မယ်နု နှင့် ပတ်သက်သည့် စိတ်ဝင်စားဖွယ် ဇာတ်လမ်းများ ကိုပါ ရှင်းပြကြရာ နိုင်ငံတကာမှ ခရီးသွား ဧည့်သည် များသည် မယ်နုအုတ်ကျောင်း နှင့်အတူ နန်းမတော် မယ်နု ဇာတ်လမ်းကိုပါ စိတ်ဝင်စား ကြကြောင်း သိရသည်။

နန်းမတော်မယ်နု အုတ်ကျောင်းမှာ စည်တိုပုံ မြို့ရိုး၏ အရှေ့မြောက် အရပ်၊ ထီးလှိုင်ဘုရား၏ အနောက်မြောက် ဘက်တွင် တည်ရှိပြီး မြန်မာ သက္ကရာဇ် ၁၁၈၄ ခုနှစ် အေဒီ ၁၈၂၂ ခုနှစ်တွင် စတုတ္ထ မြို့တည် နန်းတည် ဘကြီးတော် မင်းတရားကြီး နှင့် နန်းမတော် မယ်နုတို့က လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အုတ်ကျောင်း ဆောက်လုပ်ရာ တွင် ငါးနှစ်ကျော် ကြာမြင့်ခဲ့ပြီး မြန်မာ သက္ကရာဇ် ၁၁၈၉ ခုနှစ် အေဒီ ၁၈၂၈ ခုနှစ် တွင် မဟာအောင်မြေ ဘုံစံ ဟု ကမ္ပည်းထိုးကာ ပုညာဘိသီရိ သဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိ ဂုရု တံဆိပ်တော်ရ ညောင်ကန် ဆရာတော် ဦးပို အား ရေစက်ချ လှူဒါန်းခဲ့သည်။ ဦးပို ပျံလွန် တော်မူပြီးနောက် ညောင်ကန် ဆရာတော် ဦးဗုဓ် ကို ထပ်မံ လှူဒါန်းခဲ့သည်။ မယ်နု အုတ်ကျောင်းကို အုတ်အင်္ဂတေ တို့ဖြင့် မိဖုရား ခေါင်ကြီး မယ်နုက တည်ဆောက် လှူဒါန်း ခဲ့သောကြောင့် မယ်နု အုတ်ကျောင်း ဟု ထင်ရှားခဲ့ခြင်း ဖြစ်သည်။

အုတ်ကျောင်း အကျယ်အဝန်းမှာ အလျား ၁၉၂ ပေ၊ အနံ ၁၁၂ ပေ၊ အမြင့် ၉၄ ပေ ရှိသည်။ ယင်း အုတ်ကျောင်းတွင် အေဒီ ၁၉ ရာစုမှ ကုန်းဘောင်ခေတ် လက်ရာများကို မြင်တွေ့နိုင်သည့် အပြင် အဆိုပါ အုတ်ကျောင်းကို ထူးခြားသော ဗိသုကာ လက်ရာများဖြင့် တည်ဆောက်ထား သဖြင့် နိုင်ငံတကာမှ ခရီးသွား ဧည့်သည်များ အထူး စိတ်ဝင်တစား လေ့လာသည့် အင်းဝဒေသ မှ စံပြုကျောင်း တစ်ကျောင်း အဖြစ်လည်း ထင်ရှားလျက် ရှိသည်။

လက်ရှိကာလ တွင် နန်းမတော်မယ်နု အုတ်ကျောင်း၌ နိုင်ငံတကာမှ ခရီးသွား ဧည့်သည်များ နှင့်အတူ ပြည်တွင်း ဘုရားဖူး ဧည့်သည်များပါ လာရောက် လေ့လာမှု များပြားလျက် ရှိကြောင်း သိရသည်။

တိမ်တမန်

မြ၀တီနေ့စဉ် ၊ စာ(၇)

No comments:

Post a Comment