Pages

Wednesday, March 30, 2016

ရန်ကုန် ၊ မန္တလေးနှင့် ကျောက်ဖြူတို့၌ မိုးလေ၀သရေဒါ တပ်ဆင်အသုံးပြုရန် ဆောင်ရွက်နေ



ရန်ကုန် ၊ ၃၀-၃-၂၀၁၆

မြန်မာနိုင်ငံအတွင်း မိုးလေဝသ ဆိုင်ရာ သတင်း အချက်အလက် များအား ပြည်သူများ အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရန် မိုးလေဝသ ရေဒါသုံးခုကို ရန်ကုန်၊ မန္တလေးနှင့် ကျောက်ဖြူမြို့ တို့၌ တပ်ဆင် အသုံးပြုရန် ဆောင်ရွက် နေသော်လည်း မိုးလေဝသ ရေဒါ တစ်လုံးသာ ပြီးစီးသေးကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ မိုးလေဝသ ရေဒါသုံးခုကို ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ တို့၌ တပ်ဆင်ရန် စီစဉ် ဆောင်ရွက်ခဲ့ရာ ယခုအခါ ကျောက်ဖြူမြို့ ၌သာ မိုးလေဝသ ရေဒါ တပ်ဆင်ပြီးစီး ခဲ့ကြောင်း၊ ရန်ကုန်မြို့ နှင့် မန္တလေးမြို့တို့၌ တပ်ဆင်မှုများ ပြုလုပ် နေသော်လည်း ပြီးစီးမည့် အချိန်အား မခန့်မှန်း နိုင်သေးကြောင်း၊ ရန်ကုန်မြို့၌ ရေဒါ တည်ဆောက်မှု အနေဖြင့် ဇွန်လအတွင်း အပြီး တည်ဆောက် တပ်ဆင်နိုင်ရန် လျာထား သော်လည်း နောက်ကျ နိုင်ကြောင်း၊ မြန်မာနိုင်ငံ အတွင်း ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များကို ကြုံတွေ့နေရပြီး ရာသီဥတု ဖောက်ပြန်မှုများ ကိုလည်း အများပြည်သူ ခံစား နေရကြောင်း၊ ယင်းတို့အား ကြိုတင် ကာကွယ်မှု ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မိုးလေဝသ နှင့်ပတ်သက်သော သတင်း အချက်အလက် များကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရန် လိုအပ်လာသည့် အတွက် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်း မိုးလေဝသရေဒါ များအပြင် ခေတ်မီ အလိုအလျောက် မိုးလေဝသ တိုင်းတာစက်အလုံး ၃ဝ အသုံးပြုကာ မုန်တိုင်း၊ မိုးတိမ်တောင် များ၏ အခြေအနေ ကိုတိုင်းတာသိရှိ နိုင်ပြီဖြစ်ကြောင်း၊ လက်ရှိတွင် မိုးလေဝသရေဒါ တပ်ဆင်ခြင်း လုပ်ငန်းများ အတွက် လိုအပ်သော ပစ္စည်းများ ရောက်ရှိနေပြီ ဖြစ်သော်လည်း သက်ဆိုင်ရာ ဌာနများသို့ အခွန် ကင်းလွတ်ခွင့်နှင့် အချက်အလက် များတင်ပြ နေရခြင်းကြောင့် ကြန့်ကြာမှုများ ရှိနေကြောင်း၊ မိုးလေဝသ တိုင်းတာခြင်း များတွင် ပင်လယ် ဆိပ်ကမ်းမြို့များ ဖြစ်သော ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့တို့၌ တပ်ဆင်ပြီးပါက ယင်းနှစ်ခု နှင့်ပင် မိုးလေဝသ အခြေအနေ များကို အပြည့်အဝ သိရှိနိုင်မည် ဖြစ်သည်။

လာမည့်နှစ်တွင် မိုးလေဝသ တိုင်းတာရေး ရေဒါများဖြင့် ကပ္ပလီပင်လယ် နှင့် ဘင်္ဂလား ပင်လယ်အော်  တို့ရှိ မုန်တိုင်း အခြေအနေ များကို တိုင်းတာသိရှိ နိုင်တော့မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ ဂြိုဟ်တုမှ တစ်ဆင့် မိုးလေဝသ အခြေအနေ များကို စောင့်ကြည့်နိုင်ရန် မကြာမီ ကာလတွင် ဂြိုဟ်တုတပ်ဆင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment