Pages

Wednesday, March 30, 2016

မြိတ်ကျွန်းစုရှိ ကျွန်းပေါင်း ၁၂ ကျွန်းသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ သွားရောက် လည်ပတ်မှု များပြားလာ



မြိတ် ၊ ၃၀-၃-၂၀၁၆

တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းခရိုင် မြိတ်ကျွန်းစု၌ ရေအောက် ရှုခင်းများကို ကြည့်ရှုနိုင်သည့် ကျွန်းပေါင်း ၁၂ ကျွန်းသို့ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ သွားရောက် လည်ပတ်မှုနှုန်း မြင့်တက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ သိရသည်။

''အရင်က ဒီကျွန်းတွေကို တစ်နေ့ ခရီးသွား ဧည့်သည်ဦးရေ ၅ဝ ဝင်ရင် အခု ၁၅ဝ နီးပါးဝင်လာတယ်။ ဒေသအတွက်ရော ဆလုံ တိုင်းရင်းသား တွေရဲ့ စီးပွားရေး အတွက်ပါ ကောင်းလာတယ်။ ဒေသခံတွေ ကိုလည်း အလုပ်အကိုင် ရလာစေတယ်။ သန္တာကျောက်တန်း တွေ ထိန်းသိမ်း ဖော်ဆောင် လာရင် ဒီဒေသက ပိုပြီးဖွံ့ဖြိုး လာဖို့ရှိတယ်'' ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ခရီးသွားဧည့်သည် များသည် ညအိပ် ခရီးစဉ်များ၊ နေ့ချင်းပြန် ခရီးစဉ်များဖြင့် သွားလာလျက် ရှိပြီး မြိတ်ကျွန်းစု ဒေသအတွင်း ရွက်လှေများဖြင့် လှည့်လည် ကြည့်ရှုခြင်းနှင့် ကျွန်းများသို့ သွားရောက် လည်ပတ်ခွင့်ကို ဖြေလျှော့ပေး မှုကြောင့် တစ်လထက် တစ်လ ခရီးသွား ဧည့်သည် ဝင်ရောက်မှု ပိုမိုများပြား လာခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ခရီးသွားများ လည်ပတ်မှု ပိုမိုများပြား လာသည့်အတွက် ကျွန်းစုဒေသ များ၌ Tourism Police (ခရီးသွားရဲ) များ ထားရှိပေးရန် စီစဉ်လျက် ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန(ကော့သောင်းရုံးခွဲ)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့ပြင် ကြက်မောက်ကျွန်း၊ အနောက် ကျွန်းနီကျွန်း၊ ခက်ရင်းခွကျွန်း၊ ကျွန်းဖီလာကျွန်း၊ မြောက် တော်ဝင်ကျွန်း၊ အမှတ်(၁၁၅) ကျွန်း၊ ညောင်ဝှီးကျွန်း၊ ဘိုချိုကျွန်း၊ လန်ပိကျွန်း၊ ကျောက်သင်ပုန်း ကျွန်း၊ ဝအလယ်ကျွန်း နှင့် နတ်သမီး ရေတွင်းကျွန်း တို့သည် သွားရောက် လည်ပတ်ရန် အကောင်းဆုံး နေရာများ ဖြစ်ပြီး ခရီးသွား ဧည့်သည်များ အနေဖြင့် အဆိုပါကျွန်း များ၌ ရေငုပ်ခြင်း၊ ရေအောက် ရှုခင်းများ ကြည့်ရှုခြင်း၊ ရွက်လွှင့်ခြင်း၊ လှေလှော်ခြင်း၊ ငှက်ကြည့်ခြင်း၊ ဆလုံ တိုင်းရင်းသား ယဉ်ကျေးမှုနှင့် လမုတောများ ကြည့်ရှုခြင်း စသည်တို့ကို လေ့လာ နိုင်သည်။

သို့ဖြစ်၍ သဘာဝအလှ များဖြင့် ပြည့်စုံပြီး ရှည်လျားသော ပင်လယ် ကမ်းရိုးတန်း တည်ရှိကာ ထူးခြားဆန်းကြယ် လှပသည့် သဘာဝ တောတောင် ရှုခင်းများ၊ ရှားပါးသည့် သဘာဝ အပင်များနှင့် ကျေးငှက် တိရစ္ဆာန် အမျိုးပေါင်း မြောက်မြားစွာ နေထိုင်ပြီး ပင်လယ် ရေအောက် သန္တာကျောက်တန်း နှင့် ရေနေ သတ္တဝါများ ပေါများသောကြောင့် မြိတ်ကျွန်းစု ဒေသသို့ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ သွားရောက် လည်ပတ်မှု မြင့်တက်လာခြင်းဖြစ်ကြောင်း လည်း သိရသည်။

ပထဝီ အနေအထား သတ်မှတ်ချက် အရ ဧရိယာ စတုရန်းမိုင်ပေါင်း ၁၁၃၂ဝ ကျယ်ဝန်းပြီး ကျွန်းကြီး ရှစ်ကျွန်းနှင့် ကျွန်းလတ်၊ ကျွန်းငယ်ပေါင်း ၇၉၅ ကျွန်း စုစုပေါင်း ၈ဝ၃ ကျွန်းဖြင့် ဖွဲ့စည်းထားသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment