Pages

Thursday, March 3, 2016

လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်အောင် ပြုလုပ်နေသည့် ကုမ္ပဏီများအား အရေးယူရန် ဥပဒေမရှိသေး


ရန်ကုန် ၊ ၃-၃-၂၀၁၆

ဖုန်မှုန့်များ၊ မီးခိုးငွေ့များ၊ ဓာတ်ငွေ့များဖြင့် လေထု ညစ်ညမ်းမှုများ ဖြစ်ပေါ်စေရန် ပြုလုပ်နေသည့် ကုမ္ပဏီများ ရှိသော်လည်း ယင်းကုမ္ပဏီ များအား အရေးယူရန် ဥပဒေ မရှိသေးကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနက သိရသည်။

''ကျွန်မတို့ အနေနဲ့ စစ်ဆေးမှုတွေ လုပ်နေတယ်။ တွေ့ရှိချက်တွေ အတိုင်း အရေးယူမယ် ဆိုရင်တောင် ဥပဒေ မရှိသေးဘူး။ ဒါကြောင့် ဥပဒေတွေ ရေးဆွဲဖို့ လိုသေးတယ်။ ဥပဒေ အားနည်းချက် ရှိနေတဲ့အ တွက် အခု အချိန်ထိ ဘာမှလုပ်လို့ မရသေးဘူး'' ဟု အဆိုပါဌာနမှ ဌာနမှူး ဒေါ်သန်းသန်းဦး က ပြောသည်။

လေထု ညစ်ညမ်းမှု ဖြစ်ပေါ်ခြင်း မရှိရန် ပြုလုပ်သူများကို အရေးယူရန် လိုအပ်နေ သော်လည်း ယခုအချိန်ထိ လေထု အရည်အသွေး ညစ်ညမ်းမှု ပမာဏများနှင့် ပတ်သက်၍ စံချိန်စံညွှန်း မရှိသေးသဖြင့် အရေးယူရန် အခက်အခဲ ရှိနေကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ ပတ်ဝန်းကျင် ကျန်းမာရေး ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ကြည်လွင်ဦး က ပြောသည်။

''မြန်မာနိုင်ငံ အနေနဲ့ အခုအချိန်ထိ စံချိန်စံညွှန်း မရှိသေးဘူး။ ဒါကြောင့် လေထု အရည်အသွေး ညစ်ညမ်းတာ ပမာဏ ဘယ်လောက်ဆိုရင် ညစ်ညမ်းတယ်။ ဓာတ်ငွေ့ ဆိုရင်လည်း ပမာဏ ဘယ်လောက်နဲ့ အထက်ဆိုရင် ညစ်ညမ်းမှု ဖြစ်တယ် ဆိုတာကို စံနှုန်းတစ်ခု ရေးဆွဲဖို့ လိုတယ်'' ဟု ၄င်းကပြောသည်။

လက်ရှိတွင် ကမ္ဘာ ကျန်းမာရေး အဖွဲ့ချုပ် WHO ၏ စံချိန်စံညွှန်း များနှင့်သာ တွက်ချက်တိုင်းတာ နေပြီး ထိုင်း၊ တရုတ် နှင့် ဂျပန်နိုင်ငံတို့၌ ၄င်းနိုင်ငံများနှင့် သင့်လျော်သော စံချိန်စံနှုန်းများ ရေးဆွဲ၍ လေထုညစ်ညမ်းမ မရှိစေရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လတ်တလော တိုင်းတာချက် များအရ မြန်မာနိုင်ငံအတွင်း အမှုန်အမွှား များဖြင့် လေထု ညစ်ညမ်းနေမှုမှာ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ချုပ်၏ သတ်မှတ်ချက်ထက် အဆပေါင်း များစွာမြင့်မား နေကြောင်း သိရသည်။ ရန်ကုန်မြို့၏ လေထု အရည်အသွေးကို တိုင်းတာ စစ်ဆေးရာတွင် လေထုထဲ၌ အမှုန်အမွှား၊ ဖုန်မှုန့်များနှင့် ဆာလ်ဖာ ဒိုင်အောက်ဆိုက် တို့ အများဆုံး ပါဝင်လျက် ရှိသည်။ အဆိုပါ ဓာတ်ကြွင်းများ တွေ့ရှိရသည့် နေရာများမှာ လှိုင်သာယာ မြို့နယ်၌ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုက်၊ ဆာလ်ဖာဒိုင် အောက်ဆိုက်နှင့် ဟိုက်ထရိုဂျင် ဒိုင်အောက်ဆိုက် တို့ကို တိုင်းတာရရှိ ခဲ့သည်။

သီလဝါ အထူးစီးပွားရေး ဇုန်တွင် အလားတူ တွေ့ရသော်လည်း တခြား အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ရန်ကုန်မြို့၏ လေထုထဲတွင် တွေ့ရှိရသည့် ပမာဏမှာ နည်းနေသေး ကြောင်း သိရသည်။

မြတ်လေးငုံ

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment